ဒီးမော့ဆိုမြို့၏ အရှေ့ဘက်ခြမ်းရှိ စစ်ဘေးရှောင်များ ခိုလှုံရာအနီး အာဏာသိမ်းစစ်ကောင်စီတပ်က ဝင်တိုက်နေ၍ ထပ်မံ ရွှေ့ပြောင်းနေရ

ဒီးမော့ဆိုမြို့၏ အရှေ့ဘက်ခြမ်းရှိ စစ်ဘေးရှောင်များ ခိုလှုံရာအနီး အာဏာသိမ်းစစ်ကောင်စီတပ်က ဝင်တိုက်နေ၍ ထပ်မံ ရွှေ့ပြောင်းနေရ
ဇွန် 11, 2021 | ကယား

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့ အရှေ့ဖက်ခြမ်းတွင် ၂၀၂၁ ခုနှစ်၊  ဇွန်လ (၁၁) ရက်နေ့ ညနေပိုင်း၌ စစ်ဘေးရှောင်များ ခိုလှုံရာအနီးဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားနေ၍ စစ်ဘေးလွတ်ရာသို့ စစ်ရှောင်မိသားစုများ ထပ်မံထွက်ပြေးရွှေ့ပြောင်းနေရကြောင်းသိရသည်။ 

အခု ကျွန်တော်တို့ အမြန်ပဲ အကုန်ပြေးနေရပါတယ်။ စစ်တပ်က ဒီးမော့ဆိုတစ်ကြောကို တစ်ဖြည်းဖြည်း တိုးချဲ့ပြီး ရောက်လာနေတာ ဖြစ်တယ်။ အခု ဒီအနီးနားမှာ တိုက်ပွဲလာဖြစ်​တေ့ာ ဒီက စစ်ရှောင်တွေ အကုန်လုံး ချက်ချင်းပဲ ထွက်ပြေးနေကြရတယ်

ဟု စစ်ရှောင်များအား ကူညီနေသည့် ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။ 

ဒီးမော့ဆိုမြို့ အရှေ့ဖက်ခြမ်းရှိ စစ်ဘေးရှောင်များ ခိုလှုံရာနေရာအနီးတစ်ဝိုက်သို့ အာဏာသိမ်း စစ်ကောင်စီတပ်များက ကျုးကျော်ဝင်ရောက်လာခြင်းကြောင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF နှင့် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။

ဒီးမော့ဆိုမြို့ အရှေ့ဖက်ခြမ်းတွင် ဇွန် (၁၁) ရက်နေ့ ညနေ (၃)နာရီဝန်းကျင်က ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)နှင့် အဆိုပါနေရာအနီး လာရောက် တပ်စွဲထားသော အာဏာသိမ်းစစ်ကောင်စီတပ်တို့ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားနေ​ပြီး စစ်ကောင်စီတပ်ဖက်မှ အင်အားအလွန်အကျွံအသုံးပြုနေသည့်အပြင် လွိုင်ကော်မြို့မှ စစ်ကား (၅)စီးဖြင့် စစ်ကူများကို ဒီးမော့ဆိုမြို့သို့ ညနေ ( ၄) နာရီခွဲခန့်တွင် စေလွှတ်ထား​ကြောင်း သိရသည်။ 

ဒီးမော့ဆိုမြို့အတွင်းနှင့် အနီးအနားရှိ ကျေးရွာများမှ ဒေသခံများမှာ အိုးအိမ်များစွန့်ခွာ၍ စစ်ဘေးကင်းလွတ်နိုင်သည့် တောတောင်များအတွင်း ထွက်ပြေးခိုလှုံနေကြရပြီး လတ်တလောတွင် ကယားပြည်နယ်အတွင်း စစ်ဘေးရှောင် ပြည်သူ (၁)သိန်းကျော် ရှိလာပြီ ဖြစ်ကြောင်း သိရသည်။ 

အာဏာသိမ်းစစ်ကောင်စီတပ်က ဒီးမော့ဆိုမြို့အား အရှေ့ဖက်ရှိ (၆)မိုင်စံပြမှ ဒီးမော့ဆိုမြို့နားရှိ ကျေးရွာအုပ်စုများထိ လည်ကောင်း ၊ မြောက်ဘက်ရှိ  နန်းမယ်ခုံမြို့ မှ အိုကေကျေးရွာတစ်ကြောတွင်လည်ကောင်း ၊  တောင်ဖက်ရှိ ထွီလီးဘီလာကျေးရွာ၊ ဆိုဒဲခူကျေးရွာများနှင့်  အနောက်ဖက်ရှိ လိုဘာခိုကျေးရွာများအနီးမှနေ၍ လေးဘက်လေးတန် တပ်စွဲထားရာ ထိုးစစ်ဆင်မှုများ လုပ်လာနိုင်သည်ဟု ကရင်နီအမျိုးသား ကာကွယ်ရေးတပ် (KNDF)က ဇွန်လ ၉ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။