ဒီးမော့ဆိုမြို့နယ်  ဒေါခလိုက်လင်းရွာအနီး ဒေသခံများနှင့် စစ်ကောင်စီတပ်တို့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားနေ 

ဒီးမော့ဆိုမြို့နယ်  ဒေါခလိုက်လင်းရွာအနီး ဒေသခံများနှင့် စစ်ကောင်စီတပ်တို့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားနေ 

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ဒေါခလိုက်လင်းရွာအနီး ညောင်ကိုင်းအနီးရှိ သုသာန်နားတွင် အာဏာသိမ်းစစ်ကောင်စီအဖွဲ့နှင့် ဒေသခံရွာသားများ ယနေ့ မေလ(၂၁)ရက်နေ့ ညနေ(၃)နာရီဝန်းကျင်အထိ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားနေသည်။ 

ကျွန်တော်ကိုယ်တိုင် ရှိနေတယ်။ ဒီနားက  လူတွေနဲ့ စစ်တပ်နဲ့ ပစ်နေတာပါ။ ခု ပစ်ခတ်နေပါတယ်။

ဟု အဆိုပါနေရာတွင် ရောက်ရှိနေသူ ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။ 

မေလ (၂၁)ရက်နေ့ နေ့လည် (၂)နာရီ ကျော်မှစ၍ ပစ်ခတ်မှု ဖြစ်ပွားနေခြင်းဖြစ်ကြောင်းသိရပြီး (၆)မိုင်စံပြကျေးရွာအုပ်စုထဲမှ ကျေးရွာများ၊ ဒေါခလိုက်လင်းကျေးရွာ အနီးအနားမှ ကျေးရွာ ဒေသခံများ နှင့် ဒီးမော့ဆိုဖက်မှ ရောက်ရှိလာသော စစ်ကောင်စီတပ်တို့ ပစ်ခတ်နေကြခြင်း ဖြစ်ကြောင်းသိရသည်။ 

အခုက လမ်းပေါ်မှာ လူတွေ မရှိတော့ဘူး။ နေရာ (၃)နေရာလောက်မှာ ပစ်ခတ်နေတယ်။ ဒီးမော့ဆိုမြို့ထဲက ရပ်ကွက်တွေမှာလည်း သူတို့ဝင်မွှေနေတယ်။ လွိုင်ကော် - ဒီးမော့ဆို လမ်းမကြီးပေါ်က ရွာတွေနဲ့လည်း ပစ်ခတ်နေတယ်

ဟု ဒီးမော့ဆိုမြို့နေလူငယ်တစ်ဦးက ပြောသည်။ 

ဒီးမော့ဆိုမြို့နယ်ရှိ ငုပေလာ့ရပ်ကွက်၊ ရူးဖယ်ခူ ရပ်ကွက်များအတွင်းမှာလည်း ပစ်ခတ်သံတွေ ဆက်တိုက်ကြားနေရသလို နေအိမ်များကို ဝင်ရောက်ရှာဖွေမှုများလုပ်ဆောင်နေကြောင်းလဲ သိရသည်။ 

မေလ (၂၁)ရက်နေ့ မနက်ပိုင်းမှစ၍ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် စစ်ကောင်စီ တပ်တို့ တိုက်ပွဲ စတင်ခဲ့ပြီး နေ့လည်ပိုင်းတွင် ဒီးမော့ဆိုမြို့တွင်း ရပ်ကွက်များ နှင့် ကျေးရွာများဖြင့်ပါ တိုက်ပွဲ ဖြစ်လာနေကြောင်းသိရသည်။