ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းမှ ပြန်လာသူ ကိုယ်ဝန်ဆောင် အမျိုးသမီးအား ကိုရိုနာဗိုင်းရပ်စ် သံသယလူနာအဖြစ် လွိုင်ကော်ဆေးရုံကြီးတွင် စောင့်ကြည့်နေ

ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းမှ ပြန်လာသူ ကိုယ်ဝန်ဆောင် အမျိုးသမီးအား ကိုရိုနာဗိုင်းရပ်စ် သံသယလူနာအဖြစ် လွိုင်ကော်ဆေးရုံကြီးတွင် စောင့်ကြည့်နေ
မတ် 11, 2020
By Tachileik News Agency
ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းမှ ပြန်လာသူ ကိုယ်ဝန်ဆောင်အမျိုးသမီးအား ကိုရိုနာဗိုင်းရပ်စ် သံသယလူနာအဖြစ် လွိုင်ကော်ဆေးရုံကြီးတွင် စောင့်ကြည့်နေ

ကယားပြည်နယ်သို့ ရှားတောမြို့  မြန်မာ - ထိုင်း နယ်စပ်ဝင်ပေါက်မှ မတ်လ (၉)ရက်နေ့တွင်  ပြန်လည်ဝင်ရောက်လာသူ ထိုင်းနိုင်ငံဒုက္ခသည်စခန်းမှ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအား ကိုရိုနာဗိုင်းရပ်စ် သံသယရှိလူနာအဖြစ်  လွိုင်ကော်ဆေးရုံကြီးရှိ သီးခြားကုသဆောင်တွင် စောင့်ကြည့်ကုသနေကြောင်း သိရသည်။

ရှားတောနယ်စပ်မှ ဝင်လာသူများကို ကိုယ်အပူချိန်တိုင်းတာစစ်ဆေးရာ အသက်(၂၇)နှစ်အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးမှာ ကိုယ်အပူချိန်မြင့်နေခြင်း၊ ဖျားခြင်း၊ ချောင်းဆိုးခြင်းနှင့် နှာချေခြင်း ရောဂါလက္ခဏာများ စစ်ဆေးတွေ့ရသဖြင့် ကိုရိုနာဗိုင်းရပ်စ် သံသယလူနာအဖြစ် လွိုင်ကော်ဆေးရုံကြီးသို့ ပို့ဆောင်ကာ သီးခြားစောင့်ကြည့်ကုသနေခြင်းဖြစ်ကြောင်း သိရသည်။

"သူက ဒီးမော့ဆိုမြို့ကပါ။ (၂) ရက်နေ့မှာ ရှားတောကနေ ဟိုဖက် ဒုက္ခသည်စခန်းကို သွားတယ်။ (၆)ရက်နေ့မှာ ဖျားပြီးတော့ (၉) ရက်နေ့မှာ ရှားတောကနေ ဒီဖက်ပြန်ဝင်လာတာ။ စစ်လိုက်တာ အဖျားရှိလို့ လွိုင်ကော်ဆေးရုံကြီးမှာ တင်ထားတယ်။ အခုအခြေအနေက အဖျားကျသွားပြီ။ ဒါပေမဲ့လည်း သူက ဟိုဖက်ကနေ ပြန်လာတာဆိုတော့ သံသယလူနာအဖြစ် တင်ထားတယ်။ လူနာအခြေနေလည်း ကောင်းပါတယ် " ဟု ကယားပြည်နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က တာချီလိတ်သတင်းအေဂျင်စီသို့ အတည်ပြုပြောကြားသည်။

အဆိုပါ သံသယလူနာ၏ နှာခေါင်းတို့ပတ် နမူနာများအား ဓါတ်ခွဲစစ်ဆေးနိုင်ရန် မတ်လ (၁၁) ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားသူနှင့် အနီးကပ်ရှိခဲ့သူများ၊ အဆိုပါရောဂါကူးစက်ပြန့်ပွားမှု များပြားသော နေရာဒေသမှ ပြည်တွင်းသို့ ရောက်ရှိလာသူများနှင့် ရောဂါလက္ခဏာ သံသယရှိသူများ တွေ့ရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ သတင်းပေးပို့ကြရန် လွိုင်ကော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အသိပေးတိုက်တွန်းထားသည်။

 ကူးစက်မြန်းသည့် ကိုရိုနာဗိုင်းရပ်စ်(COVID-19)သည် နိုင်ငံပေါင်း (၉၀)ကျော်သို့ ၂၀၂၀ခုနှစ် မတ်လ(၁၁)ရက်နေ့ ညနေပိုင်းအထိ ကူစက်ခံရသူ (၁၂၁,၁၂၄)ဦးရှိနေပြီး သေဆုံးသူမှာ (၄,၃၆၈)ဦးရှိကြောင်း သိရသည်။

 Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~