ဒီးမော့ဆို(PDF)နှင့် အကြမ်းဖက်စစ်ကောင်စီတပ် တို့ တိုက်ပွဲဖြစ်ပွားရာ လမ်းသွားလမ်းလာ ပြည်သူတစ်ဦး သေဆုံးပြီး၊ စစ်ကောင်စီဘက်က (၄)ဦး ကျဆုံးနိုင်

ဒီးမော့ဆို(PDF)နှင့် အကြမ်းဖက်စစ်ကောင်စီတပ် တို့ တိုက်ပွဲဖြစ်ပွားရာ လမ်းသွားလမ်းလာ ပြည်သူတစ်ဦး သေဆုံးပြီး၊ စစ်ကောင်စီဘက်က (၄)ဦး ကျဆုံးနိုင်

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့၊ ဒေါငံခါးအုပ်စု မားနာပလော့ ရပ်ကွက်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)နှင့် အာဏာသိမ်းအကြမ်းဖက်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွား နေရာတွင် လမ်းသွားလမ်းလာ ပြည်သူတစ်ဦးသေဆုံး၍ တစ်ဦးဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီဖက်မှ (၄)ဦးခန့်ကျဆုံးနိုင်ကြောင်း ဒေသခံများမှ ကနဦး အတည်ပြုသည်။ 

ဒီးမော့ဆိုမြို့နယ် ဒေါငံခါး ရပ်ကွက်နှင့် မားနာပလော့ ရပ်ကွက်များအတွင်း မေလ (၂၁)ရက်နေ့ မနက်ပိုင်းမှစ၍ အာဏာသိမ်းအဖွဲ့မှ ကျူးကျော်ဝင်ရောက်လာခြင်းကြောင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) မှ ခုခံကာကွယ်ရင်း တိုက်ပွဲ ဖြစ်ပွားနေတာ ဖြစ်သည်။ 

ခု အခြေနေက တိုက်နေတဲ့သူထဲက မဟုတ်ဘူး လမ်းသွားလမ်လာဆိုင်ကယ်ကို လှမ်းပစ်တာ အနောက်ကတစ်ယောက်ကို ထိပြီးရှေ့ကတော့ လွတ်တယ်။ နောက်ကတစ်ယောက် သေသွားတယ်။ နောက် ဘောလခဲ ဖက်ကကားမောင်းလာတဲ့ ကားသမား လက်ထိတယ် ။ ဒါက စစ်တပ်က ပစ်တာ ။ စစ်တပ်ဖက်ကတော့ လေးလောင်းလောက်ကျမယ်လို့ ခန့်မှန်းတယ်။ စောင်နဲ့အုပ်ပြီး အလောင်းကို ဒီးမော့ဆိုဆေးရုံသယ်သွားတာ တွေ့တယ် ။ ခုချိန်ထိ ပစ်ခတ်နေပါတယ်။ PDF ဖက်က အကျဆုံးမရှိသေးဘူးခင်ဗျ။

ဟု ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ အတည်ပြုသည်။

မေလ (၂၁)ရက်နေ့ မနက်ပိုင်းမှစ၍ ပြည်သူ့ကာကွယ်ရေးတပ် (PDF) နဲ့ စစ်ကောင်စီတပ်တို့ ပစ်ခတ်နေခြင်းဖြစ်ပြီး စစ်ကောင်စီဖက်မှ လက်နက်ကြီးများဖြင့်ပါ အသုံးပြု၍ ပစ်ခတ်ခဲ့ပြီး တိုက်ပွဲ ဖြစ်နေစဥ် ဒီးမော့ဆိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့်တပ်စွဲထားသည့် အားကစားရုံတို့မှာလည်း ဗုံးပေါက်ကွဲခဲ့ကြောင်း ဒေသခံများက အတည်ပြုသည်။ 

အခုက စစ်တပ်တွေက ရှေ့သိပ်မတိုးလာရဲတော့ဘူး။ ပစ်လိုက်ရပ်လိုက်ပဲ အခြေနေတင်းမာတယ်။ ကျွန်တော်တို့ PDF ဖက်ကတော့ အကျဆုံး မရှိဘူး ။ သူတို့ဖက်က (၄)ဦးကျနိုင်ခြေရှိတယ်။ စောင်နဲ့အုပ်ပြီး ဆေးရုံသယ်သွားတာ တွေ့တယ်။ အတိကျ အတည်ပြုတော့ခက်တယ်။ ခရီးသွားပြည်သူတစ်ဦးကို သူတို့လှမ်းပစ်လို့ သေသွားတယ်။ နောက်ကားမောင်းတဲ့ ခရီးသွားတော့ လက်ထိသွားတယ်။ လက်နက်ကြီး ဆယ်လုံးလောက်ပစ်တယ်။ ကျွန်တော်တို့ဖက်တော့ အထိခိုက်မရှိသေးဘူး

ဟု အဆိုပါနေရာတွင်ရှိနေသည့်  ဒေသခံတစ်ဦးက အတည်ပြုသည်။ 

မေလ (၂၁)ရက်နေ့ နေ့လည် (၁)နာရီကျော်အထိ တာချီလိတ်သတင်းအေဂျင်စီမှ ဒေသခံများထံအတည်ပြုချက်အရ တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေပြီး စစ်ကောင်စီဖက်မှ အင်အား ဖြည့်တင်းမှုများရှိနေသလို လွိုင်ကော်မြို့ပေါ်များတွင်လည်း လမ်းပိတ်ဆို့မှုများ လုပ်​ဆောင်ထားသည့်အပြင် ပစ်ခတ်မှုများနှင့် အခြေနေတင်းမာနေဆဲ ဖြစ်ကြောင်းသိရသည်။