တောင်ငူဖက်မှ ဆင်းလာသည့် စစ်ကောင်စီတပ်  အင်အား (၃၀)နီးပါး  ဆီးဘူးဒေသကိုဖြတ်၍ ဒီးမော့ဆိုသို့ ဦးတည်

တောင်ငူဖက်မှ ဆင်းလာသည့် စစ်ကောင်စီတပ်  အင်အား (၃၀)နီးပါး  ဆီးဘူးဒေသကိုဖြတ်၍ ဒီးမော့ဆိုသို့ ဦးတည်
ဇွန် 9, 2021 | ကယား

တောင်ငူဖက်မှ ဆင်းလာသော အာဏာသိမ်းစစ်တပ်၏ စစ်သည်အင်အားများထဲက အင်အား (၃၀)ဝန်းကျင်မှာ ဒန်ဘာကားတစ်စီးဖြင့် ရှေ့ပြေးအနေဖြင့်  ဇွန်လ (၉)ရက်နေ့ နံနက်တွင် ဖယ်ခုံမြို့နယ် ဆီးဘူးဒေသကို ဖြတ်၍   ဒီးမော့ဆို ဖက်သို့ ဦးတည်လာရောက်နေကြောင်းသိရသည်။ 

တောင်ငူဖက်မှ ဆင်းလာသော အင်အား(၂၀၀)ကျော် ​ပါသည့် စစ်ကောင်စီတပ်မှာ ဇွန်လ (၇)ရက်နေ့တွင် ကရင်ပြည်နယ် ၊ သံတောင်ကြီးမြို့နယ်၊  KNU တပ်မဟာ(၂) ထိန်းချုပ်နယ်မြေအတွင်း ယာဒိုကျေးရွာတွင် ရပ်နား၍ ဇွန်လ (၈)ရက်နေ့တွင် ဆီးဘူးဒေသအနီး ရပ်နားကာ ယနေ့ ဇွန်လ ၉ ရက်နေ့တွင် အင်အား(၃၀) ဝန်းကျင်ခန့်မှာ ဒန်ဘာ ကားဖြင့်  ဆီဘူးဒေသ အားဖြတ်၍ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းသို့ ဦးတည်ကာ လာရောက်နေပြီ ဖြစ်ကြောင်း သိရသည်။ 

ဒီမနက်မှာ ဆီးဘူးကို ဖြတ်ပြီး သွားနေပြီ။ လောလောဆယ် ဒန်ဘာကား အဖြူတစ်စီးနဲ့ပေါ့ စစ်သားတွေကို သယ်ပြီး ရှေ့ပြေးထင်တာပေါ့နော် သွားလိုက်ပြီ။ ခြေလျင်အဖွဲ့ကတော့ မဖြတ်သေးဘူး။ ဒီလမ်းအတိုင်းကတော့ သေချာတယ်လေ ဒီးမော့ဆိုဖက်ကို ဝင်မှာပါ။

ဟု ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။ 

အဆိုပါ စစ်ကောင်စီတပ်များ ရပ်နားခဲ့သည့် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ယာဒိုကျေးရွာ မှာ KNU တပ်မဟာ(၂) ထိန်းချုပ်နယ်မြေထဲတွင်ရှိပြီး ရှမ်းပြည်နယ်တောင်ပိုင်း ဆီးဘူးဒေသမှာ ကယန်းပြည်သစ်တပ်မတော် ထိန်းချုပ်နယ်မြေထဲတွင်ရှိကာ ၎င်းတပ်များ လာရာ လမ်းတစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံ အချို့မှာလည်း တိုက်ပွဲများ ဖြစ်လာမည်ဆိုး၍ ရှောင်တိမ်းနေကြကြောင်း သိရသည်။

#TachileikNewsAgency

Photo: Jastin Chitlay