လွိုင်ကော်မြို့ နမ့်ကွက်ရပ်ကွက် ဘီလူးချောင်းအတွင်း ရေကူးပြိုင်ရာက လူနှစ်ဦးရေနစ် ပျောက်ဆုံးနေ 

လွိုင်ကော်မြို့ နမ့်ကွက်ရပ်ကွက် ဘီလူးချောင်းအတွင်း ရေကူးပြိုင်ရာက လူနှစ်ဦးရေနစ် ပျောက်ဆုံးနေ 

ကယားပြည်နယ် ၊ လွိုင်ကော်မြို့ နမ့်ကွက်ရပ်ကွက် ဘီလူးချောင်းအတွင်း ရေကူးပြိုင်ဆော့သူ လူငယ်အမျိုးသား (၂)ဦး ရေနစ်ပျောက်ဆုံးနေကြောင်း သိရသည်။ 

၂၀၂၁ခုနှစ် မေလ (၁၉)ရက်နေ့ ညနေ (၃) နာရီအချိန်ဝန်းကျင်က လွိုင်ကော်မြို့ ၊ နမ့်ကွက်ရပ်ကွက် ဘီလူးချောင်း၏ ရေစီးကွေ့အနီးမျက်ခင်းတွင် လူငယ်(၁၂)ဦးခန့်မှ မွေးနေ့ပွဲလုပ်၍ ဘီလူးချောင်းအတွင်းရေ ချောင်း၏ တစ်ဖက်ကမ်းသို့  ရေကူးပြိုင်ဆော့ကြရာ အသက်(၁၈)နှစ်အရွယ်ခန့် ရှိလူငယ်နှစ်ဦးမှာ ရေနစ်ပျောက်ဆုံးသွားကြောင်းသိရသည်။ 

ကလေးတွေ သူငယ်ချင်းတွေ စုပြီး ရေလာကူးကြတာလို့ပြောတယ်။ ချောင်းကို ဟိုဖက်ကမ်း ဒီဖက်ကမ်း ပြိုင်ကူးကြရင်းနဲ့ ဒီဖက်ပြန်လာတဲ့ချိန် တစ်ယောက်က နစ်သွားတာ။ အဲ့ဒါကို နောက်တစ်ယောက်က လိုက်ဆယ်ရင်းနဲ့ အဲ့တစ်ယောက်ပါ နစ်သွားတာ လို့ပြောတယ်။ ခု ထိ အလောင်းကိုမတွေ့သေးဘူး ရှာနေတုန်းပဲ ။ သူတို့မိသားစုတွေလည်း ရောက်နေတယ် ။

ဟု အဆိုပါနေရာသို့ ရောက်ရှိနေသူ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီ သို့ပြောသည်။ 

ရေနစ်ပျောက်ဆုံးနေသူ လူငယ် အမျိုးသား(၂)မှာ လွိုင်ကော်မြို့ ထေးသမရပ်ကွက်နှင့် သုံးမိုင်ပကြဲ ကျေးရွာတွင် နေထိုင်သူများ ဖြစ်ကြောင်း နှင့်   ရေနစ်ပျောက်ဆုံးနေသူ (၂)ဦးအား ရပ်ကွက်နေ ပြည်သူများနှင့် မီးသတ်တပ်ဖွဲ့များမှ ညနေ (၆)နာကျော်ထိ  ရှာဖွေခဲ့သော်လည်း လက်ရှိချိန်ထိ ရုပ်အလောင်းများကို တွေ့ရှိခြင်းမရှိသေးကြောင်း သိရသည်။