ဟောင်ကောင်တွင် ဈေးဝယ်စင်တာအတွင်း အမျိုးသမီး (၂) ဦးကို ဓားဖြင့်ထိုးသတ်မှု ဖြစ်ပွား

ဟောင်ကောင်တွင် ဈေးဝယ်စင်တာအတွင်း အမျိုးသမီး (၂) ဦးကို ဓားဖြင့်ထိုးသတ်မှု ဖြစ်ပွား
By Mr John

 ဟောင်ကောင်တွင် ဈေးဝယ်စင်တာတစ်ခုအတွင်း အမျိုးသမီး (၂) ဦးကို သွေးရူးသွေးတန်းနှင့် ကြုံသလို ဓားဖြင့်ထိုးသတ်ခဲ့မှု ဖြစ်ပွားခဲ့ရာ အကြမ်းဖက် ရာဇဝတ်မှုဖြစ်စဥ် ရှားပါးသည့် ထိုမြို့အတွက် ထိတ်လန်တုန်လှုပ်စရာ ဖြစ်ခဲ့သည်။ 

ဆိုရှယ်မီဒီယာတွင် ပျံ့နှံ့ခဲ့သည့် ဗီဒီယိုတစ်ခုအရ တိုက်ခိုက်သူက အမျိုးသမီးတစ်ဦးကို ကြမ်းပြင်ပေါ်သို့ ဆွဲချလိုက်ပြီး  ဓားဖြင့် ထပ်ခါထပ်ခါ ထိုးခဲ့သည်ကို တွေ့ရသည်။

ဓားဖြင့်အထိုးခံရသည့် အမျိုးသမီး၏ သူငယ်ချင်းက တိုက်ခိုက်သူကို ဟန့်တားရန် ကြိုးပမ်းစဉ် ၎င်းလည်း  ဓားထိုးခံခဲ့ရသည်။ 

Diamond Hill ဧရိယာရှိ ဟောလိဝုဒ်ပလာဇာ (Hollywood Plaza) တွင် ဇွန်လ (၂) ရက်နေ့ မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့သည့် ထိုတိုက်ခိုက်မှုအတွင်း အသက် (၂၂) နှစ်နှင့် အသက် (၂၆) နှစ်အရွယ် ထိုအမျိုးသမီး (၂) ဦးမှာ ဓားဒဏ်ရာများရခဲ့ပြီး ဆေးရုံတွင် သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

တိုက်ခိုက်သူမှာ အမျိုးသမီး (၂) ဦးနှင့် သိကျွမ်းပုံမရဘဲ ထိုပလာဇာ၌ပင် အရှည် (၁၂) လက်မရှိ ဓားတစ်လက်ကို ဝယ်ယူခဲ့ပြီးနောက် ထိုအမျိုးသမီး (၂) ဦးကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ယခုဖြစ်ရပ်နှင့် ပတ်သက်၍ အသက် (၃၉) နှစ်အရွယ် အလုပ်လက်မဲ့ အမျိုးသားတစ်ဦးကို လူသတ်မှုဖြင့် ဖမ်းဆီးခဲ့ကြောင်းနှင့် ထိုအမျိုးသားမှာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးမကောင်းသဖြင့် ဆေးကုသမှုခံယူခဲ့ရသည့် မှတ်တမ်းရှိကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

 

Source: CNN