ကျိုင်းတုံမြို့နယ်အတွင်းရှိ ဘဏ်များအားလုံး၏ ရုံးတက် ရုံးဆင်း စာရင်းကို နေ့စဉ် တင်ပြရန် အာဏာသိမ်း စစ်ကောင်စီ၏ မြို့နယ်အဖွဲ့က ညွှန်ကြား

ကျိုင်းတုံမြို့နယ်အတွင်းရှိ ဘဏ်များအားလုံး၏ ရုံးတက် ရုံးဆင်း စာရင်းကို နေ့စဉ် တင်ပြရန် အာဏာသိမ်း စစ်ကောင်စီ၏ မြို့နယ်အဖွဲ့က ညွှန်ကြား
မတ် 19, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်အတွင်းရှိ ဘဏ်များအားလုံး၏ ရုံးတက် ရုံးဆင်းစာရင်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့သို့ နေ့စဉ် တင်ပြရန် ညွှန်ကြားထားကြောင်း သိရသည်။

ကျိုင်းတုံမြို့နယ်အတွင်းရှိ အစိုးရဘဏ်ဖြစ်သည့် မြန်မာ့စီးပွားရေးဘဏ် အပြင် ပုဂ္ဂလိကဘဏ်တို့၏ ဘဏ်ဝန်ထမ်းများ နေ့စဉ် ရုံးတက်၊ ရုံးဆင်း စာရင်းအား ဇယားကွက်တွင် ဖြည့်ပြီး Viber မှတဆင့် ပေးပို့ရန် မတ်လ(၁၇)ရက်နေ့က ညွှန်ကြားထားခြင်း ဖြစ်ကြောင်း သိရသည်။

ကျိုင်းတုံမြို့တွင် ဘဏ်များအား ယင်းသို့ အကြောင်းကြားခြင်းများရှိသော်လည်း တာချီလိတ်မြို့တွင် မတ်လ(၁၈)ရက်နေ့အထိ နေ့စဉ် ရုံးတက် ရုံးဆင်း အခြေအနေကို ထွေအုပ်(စီမံအုပ်ချုပ်ရေးအဖွဲ့)က ဖုန်းဆက်၍သာ မေးမြန်းမှုများ ပြုလုပ်ကြောင်း သိရသည်။

ပြည်သူ့အစိုးရကို ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး နိုင်ငံတော်အား စစ်တပ်မှ အာဏာသိမ်းမှုကြောင့် အာဏာရှင်စနစ်ကို ဆန့်ကျင်သည့်အနေဖြင့် အစိုးရဘဏ်မှ ဝန်ထမ်းများ အပါအဝင် ပုဂ္ဂလိကဘဏ်မှ ဝန်ထမ်းများက အာဏာရှင်လက်အောက်တွင် လုပ်ငန်းတာဝန်များ မထမ်းဆောင်လို၍ CDM လုပ်ဆောင်မှုများရှိနေပြီး ပြီးခဲ့သည့် ရက်က ဘဏ်များအားလုံး ဖွင့်ရန် အတင်းအကြပ် ညွှန်ကြားထားမှုများရှိပြီးနောက် ယခုလို နေ့စဉ် ဘဏ်ဖွင့်ရက်များ၌ ရုံးတက် ရုံးဆင်း စာရင်းများကို တောင်းခံနေခြင်း ဖြစ်ကြောင်းသိရသည်။