အနိုင်ပွဲကို ဆင်နွှဲနေသူများ {ဆောင်းပါး}

အနိုင်ပွဲကို ဆင်နွှဲနေသူများ {ဆောင်းပါး}
By Tachileik News Agency

 🔹 ပြည်သူတွေဘက်က ရှုံးနေပြီလို့ ထင်နေတာလား

ယခု ရက်ပိုင်းအတွင်း ခပ်စိတ်စိတ် မြင်တွေ့ ကြားသိနေရသည့်  စာ/စကားမှာ မိမိတို့ ပြည်သူတွေ ရှုံးနေပြီလား ဆိုသည့် စကားပင် ဖြစ်သည်။ လက်ရှိ ပြည်သူများ၏ စစ်အာဏာရှင် ဆန့်ကျင်ရေး၊ ပြုတ်ကျရေး လုပ်ဆောင်နေမှုသည် ပြိုင်ပွဲ တစ်ခု မဟုတ်သကဲ့သို့ အလောင်းအစားလည်း မဟုတ်ဘဲ အမှန်တရားအတွက်၊ ယုံကြည်ရာအတွက် တိုက်ပွဲဝင် လုပ်ဆောင်နေခြင်း ဖြစ်သည့်အတွက် အရှုံး မရှိဘဲ အနိုင်သာ ရှိသည်ဟု ပြောလိုပေသည်။

ဖေဖော်ဝါရီလ (၁)ရက်က စတင်၍ (၁၀)နှစ်ပင် မပြည့်သေးသည့် ဒီမိုကရေစီမှာ စစ်အာဏာရူး တစ်ဦးကြောင့် ကွယ်ပျောက်ခဲ့ရသည်။ ဒီမိုကရေစီ လိုလားသူ ပြည်သူ အများက အာဏာရူးနဲ့ လက်ပါးစေများကို ဆန့်ကျင်ကာ ဒီမိုကရေစီ ပြန်ရရေးအတွက် လုပ်ဆောင်နေမှုကို မြန်မာတွင် သာမက ကမ္ဘာကပါ သိပြီး ဖြစ်သလို အာဏာသိမ်းအုပ်စု၏ လက်ပါးစေများက ပြည်သူများကို အကြမ်းဖက် သတ်ဖြတ်၊ ဖမ်းဆီးမှုကိုလည်း ကမ္ဘာအရပ်ရပ်က သိရှိပြီး ဖြစ်ပေသည်။

သို့ဖြစ်၍ ပြည်သူများ အနေဖြင့် ရာနှုန်းပြည့် မဟုတ်သည့်တိုင် ရာခိုင်နှုန်း အများအပြားကို အနိုင်ရရှိပြီး ဖြစ်ပေသည်။ လက်တွေ့ မဟုတ်၊ စိတ်ကူးယဉ် ပြောဆိုမှုဟု လှောင်ပြောင် ပြောဆိုနိုင်သော်လည်း အချိန်က သက်သေ ပြလိမ့်မည်ဟုသာ ကြိုတင် တုံ့ပြန်လို‌ပေသည်။ ယခု ပြည်သူများ ဆက်လက် ဆင်နွှဲနေသော တော်လှန်ရေးလုပ်ငန်းများမှာ စစ်အာဏာရှင် အမြစ်ပြုတ်ရေး အတွက် ကြူပင်ခုတ် ကြူငုတ်မကျန် ပြုလုပ်နေခြင်း ဖြစ်ပေသည်။ ကြူငုတ်မှသည် ကြူတောတစ်ခု ပြန်လည် ဖြစ်လာနိုင်ဖွယ် ရှိသည့်အတွက်၊ စစ်အာဏာရှင် ရှိနေသရွေ့ စစ်အာဏာသိမ်းမှု ရှိနေမည်မှာ အသေအချာ ဖြစ်သည့်အတွက် စစ်အာဏာရှင်ကို အမြစ်ဖြတ် ချေမှုန်းနေကြခြင်းပင် ဖြစ်သည်။

အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်မှ စတင်၍ မေလ (၁၂)ရက်ထိ စစ်အာဏာရှင်၏ လက်ပါးစေများ သတ်ဖြတ်မှုကြောင့် အသက်ပေးခဲ့ရသူ အာဇာနည် သူရဲကောင်း (၇၈၅)ဦး ရှိပြီ ဖြစ်သည့် အပြင် ဖမ်းဆီးခံရသူ (၄,၉၆၅)ဦးအနက် (၃,၈၈၅)ဦးမှာ ထိန်းသိမ်းခံထားရဆဲ ဖြစ်သည်။ စစ်အုပ်စုဘက်မှ မည်သို့ပင် လိမ်ညာ ပြောဆိုနေကာမူ မြန်မာပြည်သူများကို စစ်အာဏာရူးက မတရား ဖမ်းဆီးမှု၊ အကြမ်းဖက်သတ်ဖြတ်မှုသာ ဖြစ်ပေသည်။

လက်ရှိ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆောင်ရွက်နေသူ ပြည်သူများကို စစ်အုပ်စုက NLD ပါတီဝင်များ/ထောက်ခံသူများဟု တွင်ကျယ်စွာ ဝါဒဖြန့် သုံးနှုန်းလာသည်။ အမှန်မှာမူ ပြည်သူများသည် အမှန်နှင့် အမှား၊ ဓမ္မနှင့် အဓမ္မကို ခွဲခြားသိမြင်ခြင်းကြောင့် စစ်အာဏာရှင်ကို တွန်းလှန်နေကြခြင်း ဖြစ်သည်။ မိမိ ကိုယ်တိုင်လည်း NLD ပါတီကို ဝန်းရံသူ မဟုတ်ပေ၊ သို့သော်လည်း အများပြည်သူ မဲဆန္ဒရှင်များ၏ မဲပေး ရွေးချယ်မှုကို လေးစား၍ NLD ကို မနှစ်သက်သော်လည်း ထောက်ခံသည်၊ အားပေးသည်။ စစ်အာဏာရှင်နှင့် နှိုင်းယှဉ်ပါက မိုးနဲ့ မြေပမာ ကွာခြားလှပါသည်။ နှိုင်းရန်ပင် မလိုအပ်ပေ။

🔹 ဘုန်းကြီး နှင့် ကပ္ပိယ ပမာ

မြန်မာပြည် မြို့/ရွာ အနှံ့တွင် ဘုန်းတော်ကြီးကျောင်းများ တည်ရှိပေရာ ယင်းဘုန်းတော်ကြီးကျောင်းများ၌ ကျောင်းထိုင်ဘုန်းကြီး အပါအဝင် သံဃာတော်များ ရှိသကဲ့သို့ ကပ္ပိယများလည်း ရှိကြပေသည်။ ကျောင်းထိုင် ဘုန်းကြီးကို အလိုမကျ၍ အကြောင်း အမျိုးမျိုး ပြကာ ကျောင်းထိုင်နေရာမှ အဓမ္မ ဖမ်းဆီး ရိုက်နှက်၍ ဖယ်ရှားကာ ကပ္ပိယက ကျောင်းထိုင်အဖြစ် လုပ်ဆောင်နေသည် ဆိုသော်။ ကျောင်းရှိ ကျန်သံဃာများနှင့် ကိုးကွယ်သူ ပြည်သူများက မည်သို့ တုံ့ပြန်မည်နည်း။ ကပ္ပိယကို ကျောင်းထိုင်ဘုန်းကြီး အဖြစ် သတ်မှတ်၍ ကိုးကွယ်ကြမည်လားဟု မေးခွန်း ထုတ်လိုပါသည်။ သံဃအရေးကို သံဃာများကသာ ဆောင်ရွက်ကြပေလိမ့်မည်၊ ကပ္ပိယသည် ကပ္ပိယသာ ဖြစ်၍ ကျောင်းထိုင်ဘုန်းကြီး အဖြစ် မည်သို့မျှ လုပ်ဆောင်၍ မဖြစ်နိုင်ပေ။

ယင်းကဲ့သို့ပင် အနိုင်ရပါတီ NLD အပေါ် မဲစာရင်း စွပ်စွဲချက်ဖြင့် ဖြုတ်ချကာ အာဏာသိမ်း၍ မင်းလုပ် အုပ်ချုပ်နေသည့် စစ်အုပ်စုမှာ ငမိုက်သား ကပ္ပိယမျှသာ ဖြစ်ပေသည်။ (အရှင်းဆုံး ဥပမာကို ပြသခြင်းဖြစ်၍ သာသနာ့ဝန်ကို ထမ်းဆောင်နေကြသော ကပ္ပိယကြီးများကို ရိုသေ လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်။)

စစ်တပ်သည် စစ်တပ်၏ အလုပ်ဖြစ်သော တိုင်းပြည်နှင့် ပြည်သူကို ကာကွယ်ရေးအတွက်သာ တာဝန် ရှိပေသည်။ နိုင်ငံရေးနှင့် လုံးဝ သက်ဆိုင်မှု မရှိပေ။ ယခုမူ စစ်တပ်‌ ခေါင်းဆောင်သည် မိမိ အလုပ်ကို မလုပ်ဘဲ၊ မသက်ဆိုင်သော အလုပ်ကို အာဏာရူး၍ လုပ်ဆောင်နေခြင်းပင် ဖြစ်သည်။

စစ်အာဏာရှင်နှင့် ဖိနှိပ်ခံ ပြည်သူများ၏ တိုက်ပွဲတွင် ဓမ္မသည် အဓမ္မကို အမြဲနိုင်သည် ဆိုသကဲ့သို့ပင် မြန်မာပြည်သူတို့ဟာ စစ်အာဏာရူးများကို နိုင်နေပြီ ဖြစ်ပေသည်။ သို့သော်လည်း စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေး ခရီးကား ကျန်နေပေသေးသည်။ ပြည်သူများ၏ စုပေါင်းအားဖြင့် စစ်အာဏာရှင်ကို အမြစ်ဖြုတ်ကြရပေမည်။

ဒီမိုကရေစီ တိုက်ပွဲအတွင်း ကျဆုံးခဲ့ရသော အာဇာနည် သူရဲကောင်းများအတွက်၊ ဖမ်းဆီးခံရသူများအတွက်၊ ထွက်ပြေးတိမ်းရှောင်နေကြရသူများအတွက်၊ အနာဂတ်မျိုးဆက်များ အတွက် စုပေါင်းအားဖြင့် ဘုံရန်သူဖြစ်သော စစ်အာဏာရှင်ကို အမြစ်ပြုတ်စေဖို့ တိုက်ထုတ်ကြပါစို့လို့ ဆန္ဒပြုရင်း အမှန်တရားကို လိုလားတဲ့ ပြည်သူတွေ ရှုံးတာ မဟုတ်ဘဲ စစ်အာဏာရှင်ကို နိုင်ပြီးနေပြီ ဖြစ်ကြောင်းကို သိစေလိုခြင်းမျှသာ။