လွိုင်ကော်မြို့ နာနတ်တောရပ်ကွက်သပိတ် ပြုလုပ်နေစဥ် အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့မှ လာရောက်ပစ်ခတ်ဖြိုခွင်းပြီး အချို့ကို ဖမ်းဆီးထား

လွိုင်ကော်မြို့ နာနတ်တောရပ်ကွက်သပိတ် ပြုလုပ်နေစဥ် အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့မှ လာရောက်ပစ်ခတ်ဖြိုခွင်းပြီး အချို့ကို ဖမ်းဆီးထား
မေ 12, 2021 | ကယား

ကယားပြည်နယ်၊ လွိုင်ကော်မြို့ နာနတ်တောရပ်ကွက်၏ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်အား မေလ (၁၂)ရက်နေ့ညနေပိုင်းတွင် ပြုလုပ်နေစဥ် အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်လက်နက်ကိုင်များမှ လာရောက်ပစ်ခတ် ဖြိုခွင်းခဲ့ပြီး ဆန္ဒပြရာတွင်ပါဝင်သူ အချို့ကို ဖမ်းဆီးထားကြောင်းသိရသည်။ 

သပိတ်လုပ်နေတုန်းမှာပဲ သူတို့ရုတ်တရက် ရောက်လာပြီး လာဖြိုတာပေါ့ ။ လူစုခွဲချိန်လည်း မရလိုက်ဘူး ။ ပြေးကြရတာ အဲ့မှာ တစ်ချို့ ဖမ်းမိကုန်တယ်။ အခုထိ လမ်းတွေပေါ်မှာ ရှိသေးတယ်။ တောက်လျှောက် လာပစ်နေတယ်။ မြင်တဲ့သူအကုန် လိုက်ဖမ်းနေတယ်။ ခုလောလောဆယ် ဖမ်းခံထားရတဲ့သူတွေကို ကားပေါ်မှာ တင်ထားတာ တွေ့နေရတယ်။

ဟု သပိတ်တွင်ပါဝင်နေသူ ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ မေလ(၁၂)ရက်နေ့ ညနေ (၅)နာရီဝန်းကျင်က အတည်ပြုသည်။ 

လွိုင်ကော်မြို့ ၊ နာနတ်တောရပ်ကွက်၏ သပိတ်အား မေလ (၁၂)ရက်နေ့ ညနေ (၄)နာရီကျော်အချိန်ခန့်တွင် အာဏာသိမ်းအဖွဲ့၏ အကြမ်းဖက်လက်နက်ကိုင်များမှ လာရောက်ပစ်ခတ် ဖြိုခွင်းခဲ့၍ သပိတ်တွင် ပါဝင်သူ အချို့ ဖမ်းဆီးခံထားရပြီး ဖမ်းဆီးခံရသူအရေအတွက်ကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရသည်။ 

နာနတ်တော ရပ်ကွက်သပိတ်အား ပစ်ခတ်ဖြိုခွင်းခဲ့ပြီး ညနေ (၅)နာရီခွဲချိန်ထိ အတည်ပြုချက်အရ ရပ်ကွက်တွင်း လမ်းပေါ်ရှိ ပြည်သူ့လုံခြုံရေး အတားအဆီးများအား လိုက်လံဖယ်ရှားမှုတွေ ဆက်လုပ်နေကြောင်း သိရသည်။

#TachileikNewsAgency

Photo: CJ