ရှမ်းပြည်နယ်စည်ပင်က CDM စည်ပင်ဝန်ထမ်းများအပေါ် နှစ်လစာ အတိုးမဲ့ချေးငွေ အကြွေးပြန်တောင်းနေ

ရှမ်းပြည်နယ်စည်ပင်က CDM စည်ပင်ဝန်ထမ်းများအပေါ် နှစ်လစာ အတိုးမဲ့ချေးငွေ အကြွေးပြန်တောင်းနေ

ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနမှ CDM ဝန်ထမ်းများ ပြည်သူ့အစိုးရက ချေးပေးထားပြီး CRPH က ပြန်မယူတော့ဟု အသိပေးထားသည့် နှစ်လစာအတိုးမဲ့ချေးငွေကို ပြန်ဆပ်ကြရန် အာဏာသိမ်းအဖွဲ့က တောင်းနေကြောင်း သိရသည်။

ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနနှင့် ကွပ်ကဲမှုအောက်ရှိ ပြည်နယ်ဌာနခွဲများ၊ မြို့နယ်/မြို့နယ်ခွဲစည်ပင်သာယာရေးဌာနများမှ CDM ဝန်ထမ်းများ ချေးငွေအကြေပေးဆပ်ရေးအတွက် သက်ဆိုင်ရာဌာနများက ကြီးကြပ်ဆောင်ရွက်ရမည်ဟု မေလ (၄) ရက်နေ့တွင် ကျင်းပသည့် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန စီမံခန့်ခွဲမှုအစည်းအဝေးတွင် ဆုံးဖြတ်သည်ဟု သိရသည်။

 

COVID 19 ကပ်ရောဂါကာလအတွင်း နိုင်ငံ့ဝန်ထမ်းများ အခက်အခဲမဖြစ်စေရေးအတွက် ပြည်သူရွေးကောက်တင်မြှောက်ထားသည့် အစိုးရက နိုင်ငံ့ဝန်ထမ်းများအား လစာ (၂) လစာကို အတိုးမဲ့ချေးငွေအဖြစ် ၂၀၂၀ ခုနှစ် အောက်တိုဘာလတွင် ထုတ်ချေးပေးထားခဲ့ခြင်းဖြစ်ပြီး အာဏာသိမ်းခံရပြီးနောက်တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က အတိုးမဲ့ချေးငွေများကို ပြန်ဆပ်ရန် မလိုတော့ကြောင်း တရားဝင် အသိပေးထုတ်ပြန်ထားသော်လည်း အာဏာသိမ်းစစ်ကောင်စီအဖွဲ့က ဝန်ထမ်းများထံ ပြန်တောင်းနေခြင်း ဖြစ်သည်။



စစ်တပ်က ပြည်သူရွေးကောက်ထားသည့်အစိုးရအား ဖမ်းဆီးထားကာ နိုင်ငံ့အာဏာသိမ်းလိုက်ခြင်းကို လက်မခံသည့် ပြည်သူ့ဝန်ထမ်းများအား အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) လုပ်ဆောင်နေကြရာ အာဏာသိမ်းအဖွဲ့က CDM ဝန်ထမ်းများအား ဖမ်းဆီးခြင်း၊ အမှုဖွင့်ခြင်း၊ အလုပ်ထုတ်ခြင်းစသည့် နည်းလမ်းမျိုးစုံဖြင့် ဖိအားပေးခြင်းလုပ်ဆောင်နေသည့်အပြင် ချေးငွေပြန်ဆပ်ကြရန်လည်း တောင်းနေခြင်းဖြစ်သည်။