တာချီလိတ်ဆေးရုံကြီးအတွင်း ဝန်ထမ်းအိမ်ရာတွင် ဗုံး(၂)လုံး ပေါက်ကွဲ

တာချီလိတ်ဆေးရုံကြီးအတွင်း ဝန်ထမ်းအိမ်ရာတွင် ဗုံး(၂)လုံး ပေါက်ကွဲ

မြန်မာ - ထိုင်း နယ်စပ်ဒေသ၊ တာချီလိတ်မြို့ တာချီလိတ်ခရိုင်ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ ဆရာဝန်များ အဓိကနေသည့် ဝန်ထမ်းအိမ်ရာ (၄)ထပ်ဆောင်တွင် ယနေ့ မေလ(၈)ရက်နေ့ နံနက်အစောပိုင်းက ဗုံး(၂)လုံးပေါက်ကွဲမှု ဖြစ်ပွားရာ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

၂၀၂၁ခုနှစ် မေလ(၈)ရက်နေ့ နံနက်(၅း၁၃)မိနစ် နှင့် (၅း၁၅)မိနစ်အချိန်တို့တွင် ဗုံးတစ်လုံးစီ ပေါက်ပွဲခြင်းဖြစ်ပြီး ဗုံးပေါက်ကွဲမှုကြောင့် ပေါက်ကွဲသည့်နေရာဝန်းကျင်တွင် အနည်းငယ်သာ အဆောက်အဦ ထိခိုက်မှုသာရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဗုံးကွဲတာက ထိခိုက်မှုမရှိဘူး၊ အသံဗုံးဖြစ်ဖို့များတယ်၊ ခြောက်တာထင်တယ်။မနက်က အိပ်ကောင်းနေချိန် အသံကြားတော့၊ အတော်လန့်သွားတယ်၊

ဟု ဆေးရုံအနီးနေသူ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဗုံးကွဲမှု ဖြစ်ပွားရာ နေရာသို့ စစ်တပ်နှင့်ရဲတို့က လာရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

တာချီလိတ်မြို့တွင် ဧပြီလအတွင်း ယခုလို ဗုံးပေါက်ကွဲမှုများအဖြစ်နေရာပေါင်း (၅)နေရာတွင် ဖြစ်ပွားခဲ့သည်။