တာချီလိတ်မြို့မှ ကွန်ပျူတာသင်တန်းဆရာ ဦးဟန်မင်းထွန်းကို စရဖ နှင့် ရဲက ထိုးကြိတ် ဖမ်းဆီးကာ ၅၀၅-က ဖြင့် အမှုဖွင့်

တာချီလိတ်မြို့မှ ကွန်ပျူတာသင်တန်းဆရာ ဦးဟန်မင်းထွန်းကို စရဖ နှင့် ရဲက ထိုးကြိတ် ဖမ်းဆီးကာ ၅၀၅-က ဖြင့် အမှုဖွင့်
ဇွန် 21, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မယ်ခေါင်ရပ်ကွက်၊ ရွှေမြေသာယာ(လားဟူ)ဈေးတွင် ဖွင့်လှစ်ထားသည့် YOUTH Computer Tachileik မှ ကွန်ပျူတာဆရာအား စရဖ နှင့် ရဲတို့က ထိုးကြိတ်ကာ ဇွန်လ(၂၀)ရက်နေ့ နံနက်(၁၁)နာရီခွဲကျော်အချိန်က ဖမ်းဆီးခေါ်ဆောင်သွားပြီး ညပိုင်း၌ ၅၀၅-က ဖြင့် အမှုဖွင့်လိုက်ကြောင်း သိရသည်။

 YOUTH Computer Tachileik ဖွင့်လှစ်ထားသူ ကွန်ပျူတာသင်တန်းဆရာ ဦးဟန်မင်းထွန်းအား ၂၀၂၁ခုနှစ် ဇွန်လ(၂၀)ရက်နေ့ နံနက်(၁၁)နာရီခွဲကျော်အချိန်က ရဲနှင့်စတရ(စရဖ)တို့က လာရောက်ဖမ်းဆီးရာတွင် တိုးကြိတ်ဖမ်းဆီးသွားပြီး စရဖ မှ ကနဦး စစ်ကြောရေးပြုလုပ်ပြီးနောက် ရဲတပ်ဖွဲ့က ဆက်လက်စစ်ဆေးခြင်း ဖြစ်ကြောင်း သိရသည်။

 ဖမ်းဆီးခံရသူ အသက်(၃၃)နှစ်ဝန်းကျင်အရွယ်ရှိ ကွန်ပျူတာသင်တန်းဆရာ ဦးဟန်မင်းထွန်းသည် ဇွန်လ(၆)ရက်နေ့က ကြီးမြတ်သောရွှေမြင်း၏ ကလပ် ဗုံးပေါက်ကွဲသည် ဖြစ်စဉ်တွင် အဝေးကနေ မြင်ရသည့် မီးခိုးထွက်နေသည့်ပုံကို ၎င်း၏ facebook တွေ တင်လိုက်ရာ ပြန်လည်မျှဝေသူ 8K ကျော်အထိ ရှိခဲ့သည့်အတွက် အဆိုပါ ပုံကြောင့် စစ်ဆေးရာမှ ဆက်စပ်ပြီး အမှုဖွင့်ခံရခြင်း ဖြစ်နိုင်ကြောင်း နီးစပ်သူများ က ပြောကြသည်။

ဆရာ့ facebook မှာ တခြားတင်တာတွေက သိပ်မသိသာသလို ရှယ်တဲ့သူ နည်းတယ်။ ကြီးမြတ်သောရွှေမြင်းရဲ့ ကလပ် ဗုံးကွဲတော့ အဝေးက မြင်ရတဲ့ ပုံကို တင်လိုက်တာ ရှယ်သူက 8 K ကျော်တယ်။ အဲ့ပုံနဲ့ ပတ်သက်ပြီး စစ်တာကနေ သူ့အကောင့်ထဲက တခြားမျှဝေတာကိုပါ ခေါင်းစဉ်တပ်လိုက်တာထင်တယ်။ တကယ်တော့ ဆရာက အေးဆေးနေတဲ့လူပါ။ နောက်ပြီး ကြီးမြတ်သောရွှေမြင်း ကလပ် ဗုံးကွဲပြီးတဲ့နောက်ရက်မှာ ကလပ်အနီးက လားဟူဈေးမှာ စစ်တပ်က လုံခြုံရေး လာလုပ်ပေးနေတာတွေ့။ ကျွန်တော့်အထင် ကလပ်မှာ တခုခု ဖြစ်ရင် ချက်ချင် သိနိုင်ဖို့ ထင်တယ်

ဟု လူငယ်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဇွန်လ(၂၁)ရက်နေ့တွင် ပြောသည်။

ဖမ်းဆီးခံရသည့် ကွန်ပျူတာသင်တန်းဆရာ ဦးဟန်မင်းထွန်း စရဖ မှ ပထမဆုံး စစ်ဆေးပြီးနောက် ရဲတပ်ဖွဲ့က ဆက်လက်စစ်ဆေးကာ တာချီလိတ်မြို့မရဲစခန်းတွင် ချုပ်နှောင်ထားပြီး ၎င်းအာ Facebook ပေါ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ရေးသားဖြန့်ဝေ လှုံ့ဆော်သူဟု စွတ်စွဲကာ တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၁၄၄/ ၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ကွန်ပျူတာသင်တန်းဆရာ ဦးဟန်မင်းထွန်း ၏ ဖုန်းကို ယူစစ်ပြီး Facebook Messenger ထဲက Group Chat တစ်ခုဖြစ်သည့် Tcl Gen X Y Z Group Chat ကိုလည်း စစ်ဆေးတွေ့ရှိထားသည့်အတွက် အဆိုပါ Group Chat က အကောင့်အမည်များကိုလည်း ဇွန်လ(၂၀)ရက်နေ့က ညပိုင်းက ရေးမှတ်ထားကြောင်းလည်း  သိရသည်။