လွိုင်ကော်မြို့တွင် အာဏာသိမ်းအဖွဲ့၏ သပိတ်ဖြိုခွဲမှုအတွင်း ရင်ဘတ်ကျည်ထိသွားသော လူငယ်ကို ခွဲစိတ်ကုသရန် အကူညီလိုအပ်နေ

လွိုင်ကော်မြို့တွင် အာဏာသိမ်းအဖွဲ့၏ သပိတ်ဖြိုခွဲမှုအတွင်း ရင်ဘတ်ကျည်ထိသွားသော လူငယ်ကို ခွဲစိတ်ကုသရန် အကူညီလိုအပ်နေ
မေ 7, 2021 | ကယား

ကယားပြည်နယ်၊ လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက် သပိတ်စစ်ကြောင်းအား ၂၀၂၁ ခုနှစ်၊ ဧပြီလ (၉) ရက်နေ့တွင် အာဏာသိမ်းအဖွဲ့၏ စစ်တပ်နှင့်ရဲအဖွဲ့တို့က ကျည်အစစ်သုံး၍ အကြမ်းဖက်ဖြိုခွဲမှုအတွင်း ရင်ဘတ်ကျည်ထိမှန်သွားသည့် လူငယ်အား ခွဲစိတ်ကုသရန် အကူအညီလိုအပ်နေကြောင်း သိရသည်။

စစ်ကောင်စီ၏ တပ်ဖွဲ့များက ကျည်အစစ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် အသက် (၁၇) နှစ် အရွယ် လူငယ်မှာ ဘယ်ဘက် ရင်ဘတ်ပေါက်ထွက်သွားခဲ့၍ တစ်လကျော် ကုသမှုခံယူနေရခြင်းဖြစ်ပြီး လက်ရှိအခြေနေတွင် လက်မောင်းမှာ ကွေး၍ မြှောက်၍မရဘဲ အကြောထိခိုက်မိ၍ အရေးပေါ်ခွဲစိတ်ကုသမှုခံယူရမည်ဖြစ်၍ငွေကြေးအကူအညီလိုအပ်နေခြင်းဖြစ်ကြောင်း သိရသည်။

ကောင်လေးက မိဘမရှိတော့ဘူး။ အသက်ကလည်း ငယ်သေးတယ်။ ကျည်ထိထားတာကို တစ်လကျော် ကုနေခဲ့ပြီး အခုမှ အရေးပေါ်ခွဲစိတ်ဖို့ လိုအပ်လာတာ။ ငွေးကြေးမရှိတဲ့သူဆိုတော့ ခွဲစိတ်ဖို့ ကူညီနိုင်တဲ့ အလှူရှင်လိုအပ်နေတယ်။ လွိုင်ကော်မှာ မဟုတ်ဘဲ တစ်ခြားတစ်နေရာမှာ သွားခွဲစိတ်ရမှာပါ။ လက်က မြှောက်မရ၊ ကွေးမရတော့ဘဲ အကြောထိခိုက်မိသွားပုံရပါတယ်။ လက်ဘာမှ လှုပ်မရဘဲ သေသွားလို့ မဖြစ်ပါဘူး။ ကလေးအတွက် ကူနိုင်တဲ့သူတွေ အမြန်ကူညီစေလိုပါတယ်

ဟု အဆိုပါလူငယ်အား ကူညီလုပ်ဆောင်ပေးနေသည့် လွိုင်ကော်မြို့ ပရဟိတအဖွဲ့တစ်ခုမှ တာဝန်ခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။ 

အဆိုပါ လူငယ်အတွက် ခွဲစိတ်ကုသရန်  အကူအညီပေးလိုသူများအနေဖြင့် ဖုန်းနံပါတ် 09 956600472 နှင့် Viber နံပါတ် 09445252274  သို့ဆက်သွယ်နိုင်ကြမည်ဖြစ်သည်။