လွိုင်လင်လေးမြို့နယ်တွင်း နယ်မြေကျော်ဝင်လာသည့် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် KNPP တို့အကြား တိုက်ပွဲဖြစ်၍ ဒေသခံများရှောင်တိမ်းနေကြရ

လွိုင်လင်လေးမြို့နယ်တွင်း နယ်မြေကျော်ဝင်လာသည့် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် KNPP တို့အကြား တိုက်ပွဲဖြစ်၍ ဒေသခံများရှောင်တိမ်းနေကြရ
ဇူလိုင် 12, 2021 | ကယား

ကယား(ကရင်နီ) ပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်း KNPP ၏ ကရင်နီတပ်မတော်(KA) အမှတ်(၃) တပ်ရင်း ထိန်းချုပ်နယ်မြေကို နယ်မြေကျော်ဝင်ရောက်လှုပ်ရှားသည့် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် KNPP တို့ ၂၀၂၁ ခုနှစ် ဇူလိုင်လ (၁၂) ရက်နေ့တွင် တိုက်ပွဲဖြစ်၍ ဒေသခံများတိမ်းရှောင်နေရသည်။ 

လွိုင်လင်လေးမြို့ တီးလုံကျေးရွာ၊ မိုက်တိန်းစုံကျေးရွာနှင့် ဒေါတဟေးကျေးရွာများအကြား KNPP ၏ ကရင်နီတပ်မတော်(KA) အမှတ်(၃) တပ်ရင်း ထိန်းချုပ်နယ်မြေအတွင်းသို့ ကြိုတင်အကြောင်းကြားမှုမရှိဘဲ ဝင်ရောက်လှုပ်ရှားသည့် စစ်ကောင်စီတပ်များနှင့် ဇူလိုင်လ (၁၂) ရက်နေ့ နံနက် (၈) ကျော်ဝန်းကျင်ကတည်းက နှစ်ဖက်ပစ်ခက်တိုက်ခိုက်မှုများ နာရီဝက်ကြာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

လွိုင်လင်လေးမြို့နယ် တီးလုံကျေးရွာ၊ မိုက်တိန်းစုံကျေးရွာ နှင့် ဒေါတဟေးကျေးရွာအကြားတွင် လက်နက်ငယ်နှင့် လက်ကြီး ပစ်ခတ်သံများကြားနေရပြီး နယ်မြေကျော်လာသည့် အာဏာသိမ်းစစ်ကောင်စီ၏တပ်က ပြန်မဆုတ်သေးသဖြင့် တိုက်ပွဲပြင်းထန်မည်ကိုစိုးရိမ်၍ အနီးဝန်းကျင်ကျေးရွာများက ရွာလုံးကျွတ်ထွက်ပြေးနေကြရကြောင်း သိရသည်။

" အခု လုံခြုံတဲ့နေရာကို သွားရှောင်နေကြရတယ်။ တိုက်ပွဲက ရွာထဲအထိတော့ ရောက်မလာသေးပေမဲ့ ကြောက်လို့  ကြိုတင်တိမ်းရှောင်နေကြရတာပေါ့။ ဒီနားက ရွာတွေအကုန်လုံး တိမ်းရှောင်ကုန်ပြီ။ ကျွန်မတို့ရွာနဲ့ဆို တစ်မိုင်လောက်ပဲ ကွာမယ်ထင်တယ် ဖြစ်တဲ့နေရာပေါ့။ အခုက ဒီနား တစ်ကြောကရွာတွေ အကုန်ပြန်ထွက်ပြေးကြကုန်ပြီ။ ကျမ အပါအဝင်ပေါ့။ အကုန်လုံခြုံနိုင်မယ့်နေရာတွေကို ပြေးနေရတယ်။ "ဟု ဒေါတဟေးကျေးရွာမှ ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။ 

အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်သည့်ကာလအတွင်းကလည်း လွိုင်လင်လေးမြို့ အရှေ့ဖက်ခြမ်းရှိ  ကျေးရွာဒေသခံများက တိမ်းရှောင်နေခဲ့ကြရပြီး အခြေနေအနည်း ငယ်တည်ငြိမ်၍ နေရပ်ပြန်လာကြစဉ် အာဏာသိမ်းစစ်တပ်က နယ်မြေကျော်လာ၍ ထပ်မံထွက်ပြေးတိမ်းရှောင်ကြရခြင်းဖြစ်သည်။ 

ကျေးရွာများအား စွန့်ခွာ၍ ထွက်ပြေးတိမ်းရှောင်နေကြရသည့် ဒေသခံများမှာ လုံခြုံနိုင်သည့်နေရာများသို့ ဖြန့်ခွဲကာ ထွက်ပြေးနေကြရခြင်းဖြစ်သောကြောင့် ယာယီခိုလှုံနိုင်မည့်နေရာများတွင် တည်ဆောက်ရေးများ လုပ်နိုင်ရန် အမိုးအကာနှင့် စားနပ်ရိက္ခာ၊ ဆေးဝါးများ လိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။ 

လက်ရှိအချိန်တွင် တိုက်ပွဲများ ဆက်မဖြစ်သေးသော်လည်း စစ်ကောင်စီဖက်မှ ဆုတ်ခွာခြင်းမရှိသေးသည့်အပြင် စစ်အင်အားများ ထပ်မံလာရောက်၍ အင်အားဖြည့်တင်းမှုများ လုပ်ဆောင်နေကြောင်းသိရပြီး အဆိုပါ အခြေနေများကြောင့် တိုက်ပွဲများ ထပ်မံ ဖြစ်ပွားလာနိုင်ကြောင်း ဒေသခံများကပြောသည်။ 

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၏ ကရင်နီတပ်မတော် (KA) နှင့် စစ်ကောင်စီတပ်များအကြား ဇူလိုင်လအတွင်း ထိတွေ့တိုက်ပွဲ  (၃) ကြိမ်ထက်မနည်းရှိခဲ့ပြီး အဆိုပါ တိုက်ပွဲများမှာ စစ်ကောင်တပ်မှ နယ်မြေကျော် လှုပ်ရှားမှုများကြောင့် ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency