ကရင်နီနှင့် ရှမ်းပြည်နယ်တောင်ပိုင်းတွင် မတ်လအတွင်း တိုက်ပွဲပေါင်း (၁၀၂)ကြိမ်ဖြစ်ပွား

ကရင်နီနှင့် ရှမ်းပြည်နယ်တောင်ပိုင်းတွင် မတ်လအတွင်း တိုက်ပွဲပေါင်း (၁၀၂)ကြိမ်ဖြစ်ပွား
ဧပြီ 4, 2023 | 2021 Military Coup| ကယား
By Tachileik News Agency

ကရင်နီ(ကယား)ပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်တို့ကြား ၂၀၂၃ ခုနှစ် မတ်လတစ်လတာအတွင်း တိုက်ပွဲပေါင်း (၁၀၂) ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းမှ (၆၆)ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း  KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးက ၂၀၂၃ ခုနှစ် ဧပြီလ (၃) ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

တစ်လတာကာလအတွင်း ကရင်နီပြည်နယ်အတွင်း လွိုင်ကော်၊ ဒီးမော့ဆို၊ ဘောလခဲ၊ ဖားဆောင်းမြို့နယ်များနှင့် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပင်လောင်း၊ ဖယ်ခုံမြို့နယ်များကို စစ်ကောင်စီတပ်က စစ်မျက်နှာ (၅)ခု ဖွင့်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က စုစုပေါင်း (၂၈၁)ဦးသေဆုံးခဲ့ကာ (၁၃)ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။

 

စစ်ကြောင်းထိုးစဉ်အတွင်း စစ်ကောင်စီတပ်၏ ခလရ(၁၂)မှ ဆက်သွယ်ရေး ဒုတပ်ကြပ်တစ်ဦးသည် MA-3သေနတ် တစ်လက်နှင့်တကွ လာရောက်ခိုလှုံခဲ့ကြောင်း သိရသည်။

စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် ၎င်းတို့အား ခုခံတိုက်ခိုက်နေသည့် KA၊ KNDF တပ်ရင်းများ၊ PDF တပ်ရင်းများနှင့် တိုက်ပွဲဖြစ်နေရာများအပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကျေးရွာနေရာများကိုပါ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း၊ နေအိမ်များမီးရှို့ခြင်း၊ လေကြောင်းမှ တိုက်ခိုက်ခြင်းများပါ လုပ်နေခြင်းဖြစ်သည်။

စစ်ကောင်စီတပ်၏ မီးရှို့မှု၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုနှင့် လေကြောင်းမှတိုက်ခိုက်မှုများကြောင့် ဒေသခံများ၏ နေအိမ်(၂၂၈)လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ဘုန်းကြီးကျောင်း (၂)ကျောင်း၊ စာသင်ကျောင်း(၃)ကျောင်း ထိခိုက်ပျက်ဆီးခဲ့သည်။

ယင်းသို့ တိုက်ခိုက်မှုများကြောင့် ဒေသခံ(၅)ဦး သေဆုံးခဲ့ရပြီး (၂၉)ဦး ဒဏ်ရာရကာ သံဃာတော် (၃)ပါး အပါအဝင် ဒေသခံ(၂၅)ဦးကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့ကြသည်။

မတ်လ တစ်လတာအတွင်း စစ်ကောင်စီတပ်ဘက်မှ လက်နက်ငယ်(၅၁)လက်၊ လက်နက်ကြီး(၉)လက်နှင့် ခဲယမ်းအမြောက်အများအပါအဝင် ဆက်သွယ်ရေးစက်များကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း KNDF ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။