ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် NLD ကိုယ်စားလှယ်လောင်းတစ်ဦး နေအိမ်တွင် ဖမ်းခံရ

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် NLD ကိုယ်စားလှယ်လောင်းတစ်ဦး နေအိမ်တွင် ဖမ်းခံရ

 ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ၂၀၂၀ ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် NLD ၏ ကိုယ်စားလှယ်လောင်းတစ်ဦး နေအိမ်တွင် ဖမ်းဆီးခံရကြောင်း သိရသည်။

ဖမ်းဆီးခံရသူသည် ၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ဘက်မှ ဟိုပုံးမြို့နယ်၏ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ်(၁)တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်သည်။

ဟိုပုံးမြို့၊ ဖာလွိုင်ကျေးရွာရှိ နေအိမ်တွင် ၂၀၂၁ခုနှစ် မေလ(၃)ရက်နေ့ ညပိုင်းက အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ် နှင့် ရဲတို့က လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း နှင့် ဖမ်းဆီးခံရသည့် ဦးခွန်ကျော်အေးသည် ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခံထားရသူဖြစ်ပြီး နေအိမ်သို့ ခေတ္တပြန်လာစဉ် ဖမ်းဆီးခံရခြင်း ဖြစ်သည်ဟု သိရသည်။

ည (၁၀)နာရီကျော်မှာ ခွေးဆွဲခံရတယ်။ သူ့အိမ်မှာပဲ၊ သူ့မိန်းမနေကောင်းလို့ ပြန်လာရာကနေ ဖမ်းခံရတာ။ အိမ်ကို ပြန်လာတာ ဘယ်လိုလုပ် သိလဲမသိဘူး။ ဒလန်ကြောင့်ပဲ ဖြစ်လိမ့်မယ်။ သူက ရွေးကောက်ပွဲမှာ အနိုင်ရထားသူလည်း မဟုတ်ဘဲ သူ့ကို ၅၀၅-က နဲ့ ဖွင့်ထားတယ်တဲ့၊ ခုချိန်ထိတော့ သူ့ကို ဘယ်မှာ ထားလဲ မသိရသေးဘူး

ဟု ဟိုပုံးမြို့ခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။



ရှမ်းပြည်နယ်အတွင်းမှ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)၏ အနိုင်ရ ကိုယ်စားလှယ်များ နှင့် အနိုင်မရသည့် ကိုယ်စားလှယ်လောင်းများကို နေအိမ်များတွင်ရှိ မရှိ သတင်းပေးများ မွေးထားပြီး စောင့်ကြည့် ဖမ်းဆီးမှုများ လုပ်ဆောင်နေလျက်ရှိရာ (၃)ရက်အတွင်း ၌ ရှမ်းပြည်နယ်တောင်ပိုင်းတွင် (၁)ဦး နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် (၁)ဦး ဖမ်းခံထားရသည်။