ဟိုပုံးမြို့တွင် သင်္ကြန်မဏ္ဍပ်အတွက် ဈေးဆိုင်နှင့်လုပ်ငန်းရှင်များက ငွေကောက်

ဟိုပုံးမြို့  သင်္ကြန်မဏ္ဍပ်
ဟိုပုံးမြို့ သင်္ကြန်မဏ္ဍပ်
ဟိုပုံးမြို့တွင် သင်္ကြန်မဏ္ဍပ်အတွက် ဈေးဆိုင်နှင့်လုပ်ငန်းရှင်များက ငွေကောက်
ဧပြီ 12, 2022 | ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့တွင် အာဏာသိမ်းအဖွဲ့က သင်္ကြန်မဏ္ဍပ်တည်ဆောက်ရေးအတွက် ဈေးဆိုင်နှင့် လုပ်ငန်းရှင်များထံမှ ငွေကြေးကောက်ခံ၍ တည်ဆောက်ထားကြောင်း သိရသည်။

မြို့မဈေးက ဆိုင်တစ်ဆိုင် အနည်းဆုံး ကျပ်(၅,၀၀၀) မထည့်မနေရ၊ မြို့တွင်း လမ်းဘေးက ဆိုင်တွေဆိုရင် ကြီးရင် ကြီးသလို ကျပ်(၅၀,၀၀၀)အထိ  အနည်းဆုံးကတော့ ကျပ်(၁၀,၀၀၀) ဆိုပြီး စည်ပင်ဝန်ထမ်းတွေ လိုက်တောင်းတာ။ မထည့်ချင်လည်း ထည့်နေရတယ်။၊ မြို့မဈေးဆိုင် ဆိုင်ခန်းတွေ ရာချီရှိတယ်

ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။

ဟိုပုံးမြို့၏ သင်္ကြန်မဏ္ဍပ်ကို မြို့၏ တောင်ဘက်  နောင်ဖ ဖာရပ်တွင် လုပ်ဆောင်ထားခြင်းဖြစ်ပြီး ပအိုဝ်းတိုင်းရင်းအများစု လာရောက်ဆင်နွှဲလေ့ရှိသည့်အတွက် လူစည်ကားသည်ကို ပြသနိုင်ရန် ယခုနေရာ လုပ်ဆောင်ထားခြင်းဖြစ်သည်ဟု ဒေသခံများထံက သိရသည်။

ရှမ်းပြည်တောင်ပိုင်းရှိ နမ့်စန်မြို့တွင်လည်း အာဏာသိမ်းအဖွဲ့က ဆိုင်ခန်းနှင့် လုပ်ငန်းရှင်များထံမှ ငွေကြေးကောက်ခံ၍  သင်္ကြန်မဏ္ဍပ်များ တည်ဆောက်နေသည်ကို တွေ့ရသည်။

#TachileikNewsAgency