နေရပ်ပြန်များ လက်ခံမည့် နယ်စပ်မြို့များတွင် သီးခြားစောင့်ကြည့်နေရာများမှတဆင့် ရောဂါမကူးစေရန် သတ်မှတ်ချက်အတိုင်း ဆောင်ရွက်ရေး ပြည်နယ်အစိုးရ သတိပေးထား

နေရပ်ပြန်များ လက်ခံမည့် နယ်စပ်မြို့များတွင် သီးခြားစောင့်ကြည့်နေရာများမှတဆင့် ရောဂါမကူးစေရန် သတ်မှတ်ချက်အတိုင်း ဆောင်ရွက်ရေး ပြည်နယ်အစိုးရ သတိပေးထား
ဧပြီ 5, 2020
By Tachileik News Agency
နေရပ်ပြန်များ လက်ခံမည့် နယ်စပ်မြို့များတွင် သီးခြားစောင့်ကြည့်နေရာများမှတဆင့် ရောဂါမကူးစေရန် သတ်မှတ်ချက်အတိုင်း ဆောင်ရွက်ရေး ပြည်နယ်အစိုးရ သတိပေးထား

နိုင်ငံတွင်းပြန်ဝင်လာသည့် နေရပ်ပြန်များ လက်ခံမည့် ရှမ်းပြည်နယ်တွင်းမှ နယ်စပ်မြို့များတွင် (၁၄)ရက် သီးခြား စောင့်ကြည့်မည့်နေရာများမှ အစုလိုက်အပြုံလိုက် ရောဂါကူးစက်ခံရခြင်း မရှိစေရန် သတ်မှတ်ချက်များအတိုင်း စနစ်တကျ တင်းတင်းကြပ်ကြပ်ဆောင်ရွက်ရေး ခရိုင်အုပ်ချုပ်ရေးမှူးအသီးသီးကို ဆွေးနွေးထားကြောင်း သိရသည်။

Facilities Quarantine လုပ်တယ်ဆိုတာ တစ်ယောက်နဲ့တစ်ယောက် ရောထားလို့ မရဘူးလေ။ မနေ့က သွားကြည့်လိုက်တဲ့ အနေအထားက သူတို့တွေ ရောထားကြတယ်။ ပခုံးဖက်နေကြတယ်။ တကယ့်တကယ်က Quarantine မမြောက်ဘူးပေါ့။ ဒီတော့ Quarantine ဇုန်တစ်ခုမှာ (၁၀)ယောက်ရှိတယ်ဆိုရင် အဲဒီမှာ တစ်ယောက်က Positive ဆိုရင် ကျန်တဲ့ (၉)ယောက်ကလည်း သေချာပေါက် ကူးမှာပဲလေ။ နောက်တစ်ခုက ဝင်တဲ့ရက် မတူတဲ့သူကို Quarantine ဇုန်တစ်ခုထဲထားရင် အဲဒါလည်း local transmission ဖြစ်သွားနိုင်တယ်။ အဲဒါကြောင့် ဝင်လာတဲ့ရက် တူတဲ့သူကို တစ်နေရာထား၊ ရက် မတူဘဲ ဝင်လာတဲ့သူကို တစ်နေရာထား အဲဒီလိုထားမှ (၁၄)ရက် Quarantine မြောက်မှာပေါ့။ အဲလိုမှ မဟုတ်ရင် ဒီလူတွေက (၁၄)ရက် ပြည့်အောင် ထပ်ထပ်စောင့်ရင်း ဘယ်တော့မှ ပြည့်တော့မှာ မဟုတ်ဘူး။ အဲဒီဟာကို သတ်မှတ်ထားတဲ့ Quarantine ကို သတ်မှတ်ထားတဲ့အတိုင်း စနစ်တကျ စည်းမျဉ်းစည်းကမ်းနဲ့ လုပ်ပါဆိုတာလေးတော့ မှာထားတယ်။ အဲဒါလေး အဓိကတော့ မှာတယ်။ ကိုယ့်မြို့နယ်အလိုက် လုပ်သင့်လုပ်ထိုက်တာကို ကော်မတီစနစ်နဲ့ တင်းတင်းကြပ်ကြပ်လုပ်ပေးဖို့။ Qurantine ကို သတ်မှတ်တဲ့အတိုင်း စနစ်တကျလုပ်ပါဆိုတာ မှာထားတယ်

ဟု Coronavirus Disease 2019 (COVID-19) ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ ဧပြီလ (၄)ရက်နေ့က ပြောသည်။

နယ်စပ်ဝင်ပေါက်များမှ တစ်ဆင့် ဝင်လာသည့် နေရပ်ပြန်များကို ယခင်က မိမိနေအိမ်တွင်သာ (၁၄)ရက် သီးခြား နေထိုင်စေရန် ညွှန်ကြားထားခဲ့ရာမှ အတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့သူများတွင်လည်း ကူးစက်ခံထားရသည့် အခြေအနေကို တွေ့လာရသဖြင့် နယ်စပ်မှ ဝင်လာသူများကို နယ်စပ်မြို့များတွင် သီးခြားစောင့်ကြည့်နေရာများ၌ ထားရှိပြီးမှ နေရပ်ပြန်စေရန် အစိုးရက စီစဉ်လာကြခြင်းဖြစ်သည်။

တရုတ်၊ ထိုင်းနှင့် လာအိုနိုင်ငံများဖြင့် နယ်နမိတ်ထိစပ်နေသည့် ရှမ်းပြည်နယ်အတွင်း အဆိုပါ အစီအစဉ်ကို အကောင်အထည်ဖေါ်နိုင်ရန် အတွက် ပြည်နယ်အဆင့် Coronavirus Disease 2019 (COVID-19) ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီက ခရိုင်အဆင့်ကော်မတီဥက္ကဌများဖြစ်ကြသည့် ခရိုင်အုပ်ချုပ်ရေးမှူးများနှင့် Video Conference ကို ဧပြီလ (၃)ရက်နေ့က ပြုလုပ်ရာတွင် နယ်စပ်မြို့များတွင် အဓိကလုပ်ဆောင်ရမည့် အချက်(၂)ချက်ကို ပြည်နယ်က ညွှန်ကြားထားကြောင်း သိရသည်။

ခရိုင်အုပ်ချုပ်ရေးမှူးတွေနဲ့ ဗီဒီယိုကွန်ဖရင့်လုပ်တယ်။ သူတို့ မြေပြင်မှာ လုပ်သင့်လုပ်ထိုက်တာလေးတွေကို ကော်မတီလေးတွေ၊ ရပ်မိရပ်ဖတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တိုင်ပင်ပြီး တင်းတင်းကြပ်ကြပ် စနစ်တကျလုပ်ဖို့ ဆွေးနွေးထားပါတယ်

ဟု Coronavirus Disease 2019 (COVID-19) ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပြောသည်။

ရှမ်းပြည်နယ်အတွင်း မူဆယ်နယ်စပ်ဂိတ်မှ ဝင်လာသူများကို အစိုးရက စီစဉ်ပေးထားသည့် (၁၄)ရက် သီးခြားစောင့်ကြည့်ရမည့် နေရာများ၌ ထားရှိခြင်းကို ဧပြီလ (၄)ရက်နေ့က စတင်ဆောင်ရွက်နေပြီး တာချီလိတ်မြို့တွင်လည်း ပြင်ဆင်နေခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~