ဖရူဆိုမြို့နယ် ထွေအုပ်ရုံးအတွင်း ဗုံးပေါက်ကွဲ မှုတွင် အမျိုးသားတစ်ဦး ခြေထောက်ဒဏ်ရာရ 

ဖရူဆိုမြို့နယ် ထွေအုပ်ရုံးအတွင်း ဗုံးပေါက်ကွဲ မှုတွင် အမျိုးသားတစ်ဦး ခြေထောက်ဒဏ်ရာရ 
မေ 4, 2021 | ကယား

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအတွင်း ၂၀၂၁ခုနှစ် မေလ(၄)ရက်နေ့ မနက်(၁၁)နာရီ ကျော်ခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာတွင် အမျိုးသားတစ်ဦး ခြေထောက်ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။ 

အဆိုပါ ထွေအုပ်ရုံးအတွင်းသို့ ဆိုင်ကယ်စီးလာသူ နှစ်ဦးမှ ဗုံးအား ပစ်သွင်းခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုလျှက်ရှိပြီး ရုံးအတွင်းရှိ အသက် (၄၀)ဝန်ကျင်အရွယ် အမျိုးသား တစ်ဦးမှာ ခြေထောက်ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ကို တွေ့ရှိခဲ့ကြောင်း အဆိုပါနေရာတွင်မျက်မြင်တွေ့ရှိခဲ့သူ ဒေသခံတစ်ဦးက ပြောသည်။ 

" နေ့လည်က ထုသွားတာ။ ကျွန်တော်ရှေ့မှာပဲ ဖြစ်သွားတယ်။ ခုထိ လုံခြုံရေး ချထားတယ်။ ခြေထောက်ကို တစ်ယောက်ထိသွားတယ်။ တစ်ဦးပဲထိတာတွေ့တယ်။ အသက်လေးဆယ် နဲ့ ငါးဆယ်ကြား အမျိုးသားတစ်ယောက်ပဲ ။ ရုံးထဲကလို့ထင်တယ် ။ နေကလည်းပူတော့ အပြင်ထွက်ထိုင်နေတာ ဖြစ်မယ်။ ခုထိ လုံခြုံရေးတွေချထားပြီး မြို့ထဲမှာတော့ လူသွားလူလာမရှိဘဲရှင်းနေတယ်။ မြို့အဝင်ထွက် ဂိတ်တွေတော့ လုံခြုံရေးချထားတယ်။ စစ်ဆေးတာတော့ မတွေ့ဘူး။ " မျက်မြင်တွေ့ရှိသူ ဒေသခံ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီ သို့ မေလ(၄)ရက်နေ့ ညနေပိုင်းက အတည်ပြုပြောသည်။ 

မေလ (၄)ရက်နေ့ ညနေ အချိန်ထိ တာချီလိတ်သတင်းအေဂျင်စီ မှ ဖရူဆိုမြို့ဒေသခံများထံ ဆက်သွယ်မေးမြန်းမှု၏ အတည်ပြုထားချက်များအရ ထွေအုပ်ရုံးအတွင်း လက်ပစ်ဗုံး နှစ်လုံးပေါက်ကွဲခဲ့ပြီး လူတစ်ဦးထိခိုက်ထားကြောင်း သိရှိရပြီး ဗုံးပေါက်ကွဲမှုနှင့် ပက်သက်၍ စစ်ကောင်စီမှ သတင်းတစ်စုံတစ်ရာ ထုတ်ပြန်မှုမရှိသေးကြောင်းသိရသည်။ 

စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း ကယားပြည်နယ်တွင် ဗုံးပေါက်ကွဲမှု ​(​၂)ကြိမ်ဖြစ်ပွားခဲ့ပြီး ဧပြီလ (၃)ရက်နေ့က ဒီးမော့ဆိုမြို့ရှိ  စစစရုံးတွင် လက်လုပ်ဗုံး ဖောက်ခွဲခံခဲ့ရကာ အဆိုပါ ပေါက်ကွဲမှုတွင်လည်း လူထိခိုက်မှုမရှိခဲ့ကြောင်းသိရသည်။