လွိုင်ကော်မြို့ရှိ ပြည်ခိုင်ဖြိုးပါတီ၏ ပြည်နယ်ရုံးမီးလောင် 

လွိုင်ကော်မြို့ရှိ ပြည်ခိုင်ဖြိုးပါတီ၏ ပြည်နယ်ရုံးမီးလောင် 
ဇွန် 1, 2021 | ကယား

လွိုင်ကော်မြို့ရှိ USDP ပါတီ ပြည်နယ်ရုံးမီးလောင် 

ကယား(ကရင်နီ)ပြည်နယ် ၊ လွိုင်ကော်မြို့ နောင်ယား ရပ်ကွက်ရှိ ပြည်ခိုင်ဖြိုးပါတီ၏ ပြည်နယ်ရုံး အတွင်း မေလ (၃၁)ရက်နေ့ ည(၁၀)ခွဲကျော်အချိန်က မီးလောင်ကျွမ်းမှု ဖြစ်ခဲ့ကြောင်းသိရသည်။

ပြည်နယ်ပြည်ခိုင်ဖြိုးပါတီရုံးဝန်းအတွင်း ရပ်ထားသော ကားတစ်စီးမှာ မေလ (၃၁)ရက်နေ့ ည (၁၀) နာရီခွဲကျော်အချိန်ခန့်တွင် ရုတ်တရက် မီးလောင်ကျွမ်းခဲ့ပြီး ရုံးအတွင်းပိုင်းထဲထိပါ ကူးစက်လောင်ကျွမ်းခဲ့ကြောင်းသိရသည်။ 

ညက လောင်သွားတာ ။ ဘယ်လိုလောင်လဲ သေချာမသိဘူး။ ရပ်ကွက်သူ ရပ်ကွက်သားတွေက မီးထွက်ငြိမ်းဖို့ လုပ်ပေးကြမလို့ပဲ ဒါပေမယ့် ညမထွက်ရရယ် Martial Law ရယ် ရှိတာကြောင့် ဘယ်သူမှ ထွက်လို့မရဘူး ။ အဲ့လောင်တဲ့နားမှာ စစ်သားတစ်ချို့ရှိ​နေတယ်လည်း ပြောကြတယ်။ သေနတ်ဖောက်သံတစ်ချို့ပါ ကြားတော့ ဘယ်သူမှ မထွက်ရဲကြဘူး။ မီးသတ်ရုံးကိုတော့ ဖုန်းဆက်ပေးလိုက်တာရှိတယ်။

ဟု ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေးဂျင်စီသို့ ပြောသည်။

လွိုင်ကော်မြို့ရှိ ပြည်ခိုင်ဖြိုးပါတီ၏ ပြည်နယ်ရုံးတွင် ကားတစ်စီးမီးလောင်ရာမှစ၍ ရုံးအတွင်းပိုင်းထဲထိ ည (၁၀)နာရီခွဲကျော်အချိန်မှစ၍  ကူးစက်လောင်ကျွမ်းခဲ့ပြီး အတွင်းပိုင်းတွင် ပေါကွဲသံအချို့ပါ ကြားခဲ့ရပြီး ည (၁၂) ခွဲ အချိန်ခန့်တွင် မီးငြိမ်းသွားကြောင်းသိရသည်။ 

လွိုင်ကော်မြို့ ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ရုံးအတွင်း မီးလောင်ရသည့် အကြောင်းအရင်းနှင့် ပျက်ဆီးမှုများကို သေချာ မသိရှိရဘဲသက်ဆိုင်ရာ ပြည်ခိုင်ဖြိုးပါတီမှလည်း တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်းမရှိ သလို မေလ (၂၄)ရက်နေ့ကလည်း ဒီးမော့ဆိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး တစ်ခုမီးလောင်ခဲ့ပြီး ယခု မေလ (၃၁)ရက်နေ့တွင်  လွိုင်ကော်မြို့ ရှိ  ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ရုံး မီးလောင်ခဲ့ခြင်းဖြစ်သည်။