တာချီလိတ်ခရိုင်တရားရုံး၏ မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်ကျင့်သုံးမှုကို တရားလွှတ်တော်ချုပ် စောင့်ကြည့်မည်

တာချီလိတ်ခရိုင်တရားရုံး၏ မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်ကျင့်သုံးမှုကို တရားလွှတ်တော်ချုပ် စောင့်ကြည့်မည်
ဇန်နဝါရီ 3, 2020
By Tachileik News Agency

တာချီလိတ်ခရိုင်တရားရုံး၏ မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်ကျင့်သုံးမှုကို တရားလွှတ်တော်ချုပ် စောင့်ကြည့်မည်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်တရားရုံးတွင် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့မှစ၍ ကျင့်သုံးရမည့် မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်အရ အမှုများကို (၃)လမှ (၁)နှစ်ခွဲအတွင်း အပြီးအပြတ် စစ်ဆေးစီရင်ရမည်ဖြစ်ပြီး လိုက်နာဆောင်ရွက်မှုအခြေအနေကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်က စောင့်ကြည့်မည်ဖြစ်ကြောင်း သိရသည်။

" (၆)လ၊ (၇) လလောက်ထိ ကျွန်တော်တို့က (၃) လတစ်ကြိမ်၊ (၂) လတစ်ကြိမ် စသည်အားဖြင့် စောင့်ကြည့်မှုတွေ လုပ်သွားမှာပါ။ လိုအပ်တာတွေ ပြုပြင်ပေးမယ်။ ဒါ့အပြင် နှစ်စဉ်သူတို့ဆောင်ရွက်ချက်တွေကို စစ်တမ်း ကောက်ယူ သွားမယ်။ ကျွန်တော်တို့ ပြဌာန်းထားတဲ့အချက်တွေကို လိုက်နာဆောင်ရွက်မှု ရှိသလား၊ မရှိသလားဆိုတာ သူတို့ရဲ့ အမှုတွဲမှတ်တမ်းတွေကိုကြည့်ပြီး အကဲဖြတ်တဲ့လုပ်ငန်းစဉ်ကတော့ အချိန်ပြည့်လုပ်နေမှာ ဖြစ်ပါတယ်"ဟု ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ အပြည်ပြည်ဆိုင်ရာဆက်ဆံရေးနှင့် သုတေသနဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဝင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်ခရိုင်တရားရုံးတွင် စတင်ပြောင်းလဲကျင့်သုံးရမည့် မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်အရ အမှုများကို မကြားနာမီ အမှုအမျိုးအစားသတ်မှတ်ပြီး ကြားနာစစ်ဆေးစီရင်ရမည့် ကာလကြာချိန် သတ်မှတ်ရမည်ဖြစ်သည်။

တရားရုံးတွင် အမှုကြားနာစစ်ဆေးစီရင်မှု မပြုမီ အမှုအမျိုးအစားအလိုက် (၃)လအတွင်း၊ (၆)လအတွင်း၊ (၉)လအတွင်း၊ (၁)နှစ်အတွင်းနှင့် (၁)နှစ်ခွဲအတွင်း ပြီးပြတ်ရမည့်အမှုများဟု ကာလကြာချိန်သတ်မှတ်ခြင်းကို လုပ်ဆောင်ရတော့မည် ဖြစ်သည်။

မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်ကို ၂၀၁၈ ခုနှစ်တွင် ခရိုင်တရားရုံး (၁၂) ရုံး၊ မြို့နယ်တရားရုံး (၁၄) ရုံး၊ ၂၀၁၉ ခုနှစ်တွင် ခရိုင်တရားရုံး (၅) ရုံး၊ မြို့နယ်တရားရုံး (၄၃) ရုံးတို့တွင် ဆောင်ရွက်ထားပြီး ၂၀၂၀ ခုနှစ်တွင် ခရိုင်တရားရုံး (၂၅) ရုံး၊ မြို့နယ်တရားရုံး (၁၀၉) ရုံး စုစုပေါင်း တရားရုံး (၂၀၈) ရုံးတွင် ဆောင်ရွက်သွားမည်
ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~