ကျိုင်းတုံတက္ကသိုလ်တွင် CDM လုပ်ဆောင်ထားသည့် ဆရာ၊ဆရာမများကို လုပ်ငန်းပြန် မဝင်ပါက ၅၀၅-က ဖြင့် ကိုယ်တိုင် အမှုဖွင့်မည်ဟု ပါချုပ်က ခြိမ်းခြောက်

ကျိုင်းတုံတက္ကသိုလ်တွင် CDM လုပ်ဆောင်ထားသည့် ဆရာ၊ဆရာမများကို လုပ်ငန်းပြန် မဝင်ပါက ၅၀၅-က ဖြင့် ကိုယ်တိုင် အမှုဖွင့်မည်ဟု ပါချုပ်က ခြိမ်းခြောက်

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ ကျိုင်းတုံတက္ကသိုလ်၏ ပါမောက္ခချုပ်သည် CDM လုပ်ဆောင်ထားသည့် ဆရာ၊ ဆရာမများကို လုပ်ငန်းပြန်မဝင်ပါက ၅၀၅-က ဖြင့် ကိုယ်တိုင် အမှုဖွင့်မည်ဟု ခြိမ်းခြောက်ကာ ဖိအားပေးနေကြောင်း သိရသည်။

"အခု ကျိုင်းတုံတက္ကသိုလ် ပါချုပ်ကြီးက CDM လုပ်တဲ့ ဆရာ၊ ဆရာမတွေကို (၃)ရက်နေ့ နောက်ဆုံး ပြန်ဝင်ခိုင်းနေပါတယ်။ မဝင်ရင် သူကိုယ်တိုင် ၅၀၅-က နဲ့ တရားဆွဲမယ်ပြောနေပါတယ်။ ပြီးတော့ ဆရာမတွေကို ဝရမ်းပြေး မဖြစ်စေချင်ပါဘူးဆိုတဲ့ စကားပါပြောသေးပါတယ်"ဟု ကျိုင်းတုံတက္ကသိုလ်မှ CDM လုပ်ဆောင်ထားသည့် ဆရာမတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ မေလ(၁)ရက်နေ့က ပြောသည်။

ကျိုင်းတုံတက္ကသိုလ်၏ ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာစမ်းစမ်းမာသည် CDM လုပ်ဆောင်ထားသည့် ဆရာ၊ ဆရာမများ အားလုံးကို ၂၀၂၁ခုနှစ် မေလ(၃)ရက်နေ့ နောက်ဆုံးထားကာ လုပ်ငန်းဝင်ရောက်ရေး ခြိမ်းခြောက်ပြောဆိုကာ ဖိအားပေးနေခြင်း ဖြစ်ကြောင်း သိရသည်။

"ဆရာမကြီးကိုတော့ လေးလည်း လေးစားပါတယ်။ ခင်လည်းခင်ပါတယ်၊ ဒါပေမဲ့ စစ်အာဏာရှင်အမြစ်တွယ်မှု မလိုလားလို့၊ မလိုချင်လို့ ပါဝင်နေတာ။ နိုင်ငံအတွက်အပြောင်းအလဲဖြစ်စေဖို့ တစ်ထောင့်တစ်နေရာကနေ ပါဝင်နေကြတဲ့သဘောပါ။ CDM မှာ ကိုယ်တိုင် မပါဝင်ချင်ရင်တောင် ကိုယ့်လက်အောက်ငယ်သားတွေကို အထက်စီးကနေ ဖိအားပေးတာတွေ။ ခြိမ်းခြောက်တာတွေ မလုပ်သင့်ဘူးပေါ့ရှင်။ အခုချိန်မှာ ကျွန်မတို့ကတော့ ခံယူချက် မပြောင်းတော့ဘူး၊ စစ်အာဏာရှင်ကို ဖားရတဲ့ ဝန်ထမ်းမျိုး မဖြစ်စေချင်တာလည်း ပါတာပေါ့"ဟု CDM လုပ်ဆောင်ထားသူတစ်ဦးက ပြောသည်။

ကျိုင်းတုံတက္ကသိုလ်တွင်  ဘာသာရပ်(၂)ခုမှ ဆရာ၊ဆရာမ အများစုမှာ CDM လုပ်ဆောင်ထားကြပြီး အခြားဘာသာရပ်များကလည်း CDM လုပ်ဆောင်ထားမှုများရှိကြောင်း သိရသည်။ 

CDM ဆရာ၊ ဆရာများအပေါ် ဖိအားပေးခြိမ်းခြောက်မှုများနှင့် ပတ်သက်၍ ကျိုင်းတုံတက္ကသိုလ်၏ ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာစမ်းစမ်းမာ၏ လုပ်ရပ်ကို ကျိုင်းတုံ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ ဗဟို အမှုဆောင်(ယာယီ)ကော်မတီကလည်း မတ်လ(၂၃)ရက်နေ့တုန်းက ကျောင်းသားထုများကိုယ်စား အပြင်းအထန် ကန့်ကွက်ရှုတ်ချထားသည်။