လွိုင်ကော်မြို့တွင် ညပိုင်း၌ အိမ်များတုန်ခါသွားသည်အထိ ကျယ်လောင်သည့် ပေါက်ကွဲသံ ထွက်ပေါ်

 လွိုင်ကော်မြို့တွင် ညပိုင်း၌ အိမ်များတုန်ခါသွားသည်အထိ ကျယ်လောင်သည့် ပေါက်ကွဲသံ ထွက်ပေါ်
မေ 1, 2021 | ကယား

 ကယားပြည်နယ်၊ လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက်၏ ကွက်ဟောင်းဖက်တွင်  ဧပြီလ(၃၀)ရက်နေ့ ည (၁၁ )နာရီ (၅၂)မိနစ်ဝန်းကျင်က အိမ်များကို တုန်ခါသွားစေသည့် ပေါက်ကွဲသံ တစ်ခု ထွက်ပေါ်ခဲ့ကြောင်း သိရသည်။ 

ဧပြီလ(၃၀)ရက်နေ့ ညပိုင်းတွင် လွိုင်ကော်မြို့အတွင်း ကောင်းကင်ယံတွင် လေယာဥ်ပျံသန်းသွားလာမှုများ ရှိခဲ့ပြီးနောက် အသံကျယ်လောင်စွာပေါက်ကွဲသည့် အသံတစ်ခုအား မြို့ခံများမှ ကြားနေရပြီး ဒေါဥခူရပ်ကွက် ကွက်ဟောင်းအနီး ဝန်းကျင်တွင် ပေါက်ကွဲမှုတစ်ခု ဖြစ်နိုင်ကြောင်း ဒေသခံတစ်ချို့ထံမှသိ ရသည်။ 

" ပေါက်ကွဲသံတော့ အကျယ်ကြီးပဲ သိသိသာသာကို ကျယ်တာ။ ဘာဒိုဖက်က လူတွေတစ်ချို့ကတော့  ဒေါဥခူ အနောက်ဘက်ခြမ်း နားမှာ ဗုံးလိုမျိုးဟာ ပေါက်ကွဲပြီး မီးခိုးတွေ အများကြီးထွက်တာကို မြင်ခဲ့ရတယ်လို့ပြောတယ်။  ခဏကြာတော့ ရဲတွေ  စစ်ကားတွေ လာတာတွေ့တယ်လို့ ပြောတယ်။ ဒီချိန်က ထွက်ကြည့်လို့လဲ မရဘူးလေ။ ညမထွက်ရအမိန့်နဲ့ ဖမ်းခံရနိုင်တယ်" ဟု လွိုင်ကော်မြို့ ခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။ 

အဆိုပါ ပေါက်ကွဲသံကြောင့် အနီးဆုံးနေရာများရှိ နေအိမ်များပါ တုန်ခါသွားမှုများ ဖြစ်ပေါ်ခဲ့ပြီး လွိုင်ကော်မြို့ ပေါ်ရပ်ကွက် များရှိ ဒေသခံများမှာ စိုးရိမ်လျှက်ရှိကာ ပေါက်ကွဲမှုနှင့် ပတ်သက်၍ တိကျသေချာသည့် အကြောင်းအရာများကို အတည်ပြုနိုင်ခြင်း မရှိသေးသော်လည်း ပေါက်ကွဲမှုမှာ  ဒေါဥခူရပ်ကွက် ကွက်ဟောင်းအနီးတွင်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ရပ်ကွက်အနီး နေထိုင်သူတစ်ဦးက ပြောသည်။ 

လက်ရှိတွင် လွိုင်ကော်မြို့ ပေါ်ရပ်ကွက်များအတွင်း အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်လက်နက်ကိုင်များမှ အင်အားများဖြင့် လှည့်လည် သွားလာနေကြောင်း သိရသည်။