လွိုင်ကော်နှင့် ဒီးမော့ဆိုကြား အာဏာသိမ်းစစ်တပ်၏ လက်နက်ကြီးကျည်ထိ၍ လူနေအိမ်များ ပျက်စီးနေပြီး တပ်အင်အား(၃၀၀)ဝန်းကျင် ထပ်ဖြည့်နေ

လွိုင်ကော်နှင့် ဒီးမော့ဆိုကြား အာဏာသိမ်းစစ်တပ်၏ လက်နက်ကြီးကျည်ထိ၍ လူနေအိမ်များ ပျက်စီးနေပြီး တပ်အင်အား(၃၀၀)ဝန်းကျင် ထပ်ဖြည့်နေ
စက်တင်ဘာ 8, 2021 | ကယား

ကယား (ကရင်နီ)ပြည်နယ် လွိုင်ကော်နှင့် ဒီးမော့ဆိုကြား  ယမန်နေ့က ဖြစ်ပွားသည့် တိုက်ပွဲများအတွင်း အာဏာသိမ်းစစ်တပ်၏  လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုကြောင့် လူနေအိမ်အချို့ မီးလောင်ဆုံးရှုံးခဲ့ရသည့် စံပြ (၆)မိုင်ကျေးရွာနှင့် ဒေါပိုးစီကျေးရွာများတွင် အာဏာသိမ်းစစ်တပ်က အင်အား (၃၀၀) ဝန်းကျင်ဖြင့် ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၈) ရက်နေ့၌ တပ်ဖြန့်ထားကြောင်း သိရသည်။

လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ်ကြားတွင် ဒေါပိုးစီကျေးရွာအနီးတွင် ယမန်နေ့ ညနေ (၃) နာရီဝန်းကျင်က အာဏာသိမ်းစစ်တပ်နှင့် KNDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ညနေ (၅) နာရီအချိန်မှစ၍  ဒီးမော့ဆိုမြို့နယ်တွင်းရှိ (၅)မိုင်နှင့် (၆)မိုင်ကြားတွင် တိုက်ပွဲထပ်မံဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲများအတွင်း အာဏာသိမ်းစစ်တပ်က လက်နက်ကြီးများဖြင့်ပါ ရမ်းသမ်းပစ်ခတ်နေ၍  (၆) မိုင်ကျေးရွာတွင်းမှ လူနေအိမ် (၃) လုံးထက်မနည်းပျက်စီး ဆုံးရှုံးသွားပြီဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဒီးမော့ဆိုမြို့နယ်နှင့် လွိုင်ကော်မြို့နယ်တို့တွင် အာဏာသိမ်းစစ်တပ်က စစ်အင်အား ဖြန့်ကျက်နေသဖြင့် အဆိုပါမြို့နယ်များအတွင်း တိုက်ပွဲများ ပြင်းထန်လာဖွယ်ရှိ၍ ပြည်သူများ လုံခြုံရေးအထူးသတိထားကြရန် KNDF သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: KNDF