လွိုင်ကော်မြို့နယ်အတွင်း အာဏာသိမ်းစစ်အုပ်စု၏ တပ်စွဲထားသော နေရာများကို KNDF အပါအဝင် ပူးပေါင်းတပ်များက အလစ်အငိုက် ဝင်တိုက်

 လွိုင်ကော်မြို့နယ်အတွင်း အာဏာသိမ်းစစ်အုပ်စု၏ တပ်စွဲထားသော နေရာများကို KNDF အပါအဝင် ပူးပေါင်းတပ်များက အလစ်အငိုက် ဝင်တိုက်
ဖေဖော်ဝါရီ 10, 2023 | 2021 Military Coup| ကယား

 

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင်းရှိ အာဏာသိမ်းစစ်အုပ်စု၏ တပ်များ တပ်စွဲထားသော နေရာများကို ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ (၉)ရက်နေ့တွင် ဒေသကာကွယ်ရေးတပ်များက အလစ်ငိုက်ဝင်တိုက်ခဲ့ ကြကြောင်း KNDF B 14 က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်များ တပ်စွဲထားသည့် ကယန်းသာယာလမ်းခွဲနှင့် လင်ဖုံလေးကျေးရွာလမ်းခွဲရှိ စခန်းများကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့(Karenni Nationalities Defense Force - KNDF)၏ တပ်ခွဲများဖြစ်သည့် KNDF B (14) ၊ KNDF B  (02) အပါအဝင် Loikaw PDF တို့ ပူးပေါင်းကာ တစ်ပြိုင်တည်း အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီတပ်စခန်းများကို မိနစ် (၂၀)ကျော်ကြာ တစ်ပြိုင်တည်း အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ကယန်းသာယာလမ်းခွဲစခန်းတွင် (၂)ဦး၊ လင်ဖုံလေးလမ်းခွဲတွင် (၂)ဦး စစ်ကောင် စီဘက်ကသေပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များသည် လွိုင်ကော်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေကာ လက်နက်ကြီးများဖြင့်လည်း နေ့စဥ် ရမ်းသမ်းပစ်ခက်ခြင်းများ ပြုလုပ်နေသောကြောင့် ပြည်သူများအနေ  ဖြင့် ခရီးဝေးသွားလာခြင်းများအား စစ်ရေးအခြေနေများကို အလေးထားဆင်ခြင်ပြီးမှသာ သွားလာကြရန် မေတ္တာရပ်ခံထား သည်။

ဒါ့အပြင် ယင်းနေ့ ည(၁၂)နာရီတွင် လွိုင်ကော် - ပွန်းချောင်းကားလမ်း (၁၀)မိုင်၊ ကြက်ဂူအနီး ဈေးဆိုင်ရှိသည့်နေရာကို စစ်ကောင်စီတပ်က တိုက်လေယာဉ်တစ်စီးဖြင့် ဗုံးကြဲချခဲ့သေးသည်။

ယနေ့ ဖေဖော်ဝါရီလ(၁၀)ရက်၊ နံနက်ပိုင်းတွင် ပါလောင်းရွာအနီးသို့ စစ်ကောင်စီ၏ ခမရ (၂၅ဝ)တပ်ရင်းမှ လက်နက်ကြီး(၈)လုံးထပ်မံ ပစ်ခတ်ရာ လူနေအိမ် (၃)လုံးထပ်မံပျက်စီးခဲ့ရကြောင်း သိရသည်။

 Photo: KNDF