တာချီလိတ်မြို့နယ်အတွင်း ဆရာ၊ ဆရာမများအားလုံး မေလ(၃)ရက်နေ့ နောက်ဆုံးထားကာ ကျောင်းများသို့ လာရောက်ရန် ပညာရေးမှူးရုံးနှင့် ကျောင်းအုပ်များက ဖိအားပေး

တာချီလိတ်မြို့နယ်အတွင်း ဆရာ၊ ဆရာမများအားလုံး မေလ(၃)ရက်နေ့ နောက်ဆုံးထားကာ ကျောင်းများသို့ လာရောက်ရန် ပညာရေးမှူးရုံးနှင့် ကျောင်းအုပ်များက ဖိအားပေး
ဧပြီ 30, 2021 | ရှမ်းရှေ့

 ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မြို့နယ်ပညာရေးမှူးက ပြည်သူ့ဘက်က ရပ်တည်ကာ CDM လုပ်ဆောင်ထားသော်လည်း ဒုပညာရေးမှူးနှင့်အဖွဲ့အပါအဝင် ကျောင်းအုပ်အအများစုက CDM ဆရာ၊ ဆရာမများကို လုပ်ငန်းပြန်ဝင်ရန် ဖိအားပေးနေကြောင်း သိရသည်။

ကျွန်မတို့က ကိုယ့်သဘော ကိုယ့်ခံယူချက်နဲ့ကိုယ် CDM လုပ်ဆောင်ထားတာ အဲ့ဒါကို အထက(ဟောင်လိတ်)ကျောင်းအုပ်ဆရာမကြီးက ကျွန်မတို့ကို ပြန်ဝင်ဖို့ ဖိအားတွေပေးနေတယ်

ဟု CDM လုပ်ဆောင်ထားသည့် ဆရာမတစ်ဦးက ပြောသည်။

တာချီလိတ်မြို့နယ်အတွင်းရှိ ဆရာ၊ ဆရာမများအားလုံးကို ၂၀၂၁ခုနှစ် မေလ(၃)ရက်နေ့ နောက်ဆုံးထားကာ ကျောင်းများသို့ ရောက်ရှိထားရန် တာချီလိတ်မြို့နယ်ပညာရေးမှူးရုံးက စာထုတ်ကာ ညွှန်ကြားထားကြောင်း နှင့် ကျန်းမာရေးအရ မလာနိုင်သူများက ဆေးခွင့်တင်သော်လည်း လူကိုယ်တိုင်လာတင်ရမည်ဟု ပြောဆိုမှုများရှိနေကြောင်း သိရသည်။

အခုက ပညာရေးမှာ အသက်အရွယ်အရရော အမှန်တကယ် မကျန်းမာတဲ့ သူတွေလည်းရှိတယ်။ ဆေးခန်းတို့၊ ဆေးရုံတို့ရဲ့ ဆေးလက်မှတ်ပြပြီး ဆေးခွင့်တင်တာလည်းမရဘူး။ လူကိုယ်တိုင်လာပြီးမှ ခွင့်တင်ရမယ်လို့   ပြောတယ်ဆိုတာကို ကြားရတယ်။ အိပ်ရာထဲက မထနိုင်တာရှိတာကို ဘယ်လိုတွေ လုပ်ရမလဲ စဉ်းစားကြည့်ပါဦး

ဟု ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

တာချီလိတ်မြို့နယ်အတွင်းမှ အတန်းပြ ဆရာ၊ ဆရာမ အများစုမှာ CDM များ လုပ်ဆောင်ထားကြသော်လည်း ကျောင်းအုပ်အများစုက CDM လုပ်ဆောင်ထားခြင်းမရှိကြောင်း နှင့် ဒုမြို့နယ်ပညာရေးမှူးက ညွှန်ကြားလာသည့် ထပ်ဆင့်ညွှန်ကြားမှုများအပေါ် CDM မလုပ်ဆောင်ထားသည့် ကျောင်းအုပ်များက လိုက်နာပြီး CDM ဆရာ ဆရာမများကို မဖြစ်မနေ လာရောက်ကြဖို့ ဖိအားပေးခေါ်နေမှုများရှိနေသည်ဟု သိရသည်။

ကျွန်မတို့က  ဒေသတစ်ခုတည်းကို ကြည့်တာမဟုတ်ဘူး၊ ဒီလိုကာလမှာ ဒေသတခုတည်းကို ကြည့်ရင် ဘာသွားလုပ်တော့မလဲ၊ ကျွန်မတို့က အပြောင်းအလဲတစ်ခုအတွက် အနစ်နာခံ CDM လုပ်နေတာ၊ ခံယူချက်အတိုင်း ရှေ့ဆက်သွားတော့မယ်။

ဟု တာချီလိတ်မြို့ပေါ်မှ CDM လုပ်ဆောင်ထားသည့် ဆရာမတစ်ဦးက ပြောသည်။

၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာ (အထက်တန်း၊ အလယ်တန်း၊ မူလတန်း) ကျောင်းများကို ၂၀၂၁ ခုနှစ်၊ ဇွန်လ (၁) ရက်မှ စတင်၍ ပုံမှန်စာသင်နှစ်အတိုင်း ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ၂၀၂၁ ခုနှစ်၊ မေ (၂၄) ရက်မှ မေလ(၃၁) ရက်အထိ သတ်မှတ်ထားကြောင်း အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီ၏ ပညာရေးဝန်ကြီးဌာနက ဧပြီလ(၃၀)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။