မြန်မာ - ထိုင်း နယ်စပ်တွင် စစ်ကောင်စီမှ စားသောက်ကုန်အချို့ တင်သွင်းခွင့်ပိတ်သည့်ကိစ္စ ထိုင်းကုန်သွယ်ရေးဝန်ကြီးမှ နေပြည်တော်သို့သွား၍ ဆွေးနွေးမည်

ထိုင်းကုန်သွယ်ရေးဝန်ကြီး Jurin Laksanawisit [ Photo: Bangkok Post]
ထိုင်းကုန်သွယ်ရေးဝန်ကြီး Jurin Laksanawisit [ Photo: Bangkok Post]
မြန်မာ - ထိုင်း နယ်စပ်တွင် စစ်ကောင်စီမှ စားသောက်ကုန်အချို့ တင်သွင်းခွင့်ပိတ်သည့်ကိစ္စ ထိုင်းကုန်သွယ်ရေးဝန်ကြီးမှ နေပြည်တော်သို့သွား၍ ဆွေးနွေးမည်

အာဏာသိမ်းစစ်တပ်က နယ်စပ်ဝင်ပေါက်များမှနေ၍ အချိုရည်အပါအဝင် စားသောက်ကုန်အချို့ကို ၂၀၂၁ ခုနှစ် မေလ (၁) ရက်နေ့မှစ၍ တင်သွင်းခွင့်ပိတ်လိုက်သည့်ကိစ္စနှင့်ပတ်သက်၍ ထိုင်းကုန်သွယ်ရေးဝန်ကြီး Jurin Laksanawisit က နေပြည်တော်သို့ သွားရောက်တွေ့ဆုံဆွေးနွေးရန် စီစဉ်နေသည်ဟု ဘန်ကောက်ပို့စ်သတင်းတွင် ဖေါ်ပြထားသည်။

ယင်းကဲ့သို့ ပိတ်ပင်လိုက်သည့်အကြောင်းရင်းကို သိရန်နှင့် ဖြေရှင်းနိုင်မည့်နည်းလမ်းများကို ရှာဖွေရန် နှစ်ဖက်ဆွေးနွေးရန်လိုအပ်သည်ဟု ထိုင်းကုန်သွယ်ရေးဝန်ကြီးက ဆိုသည်။

နိုင်ငံ့အာဏာသိမ်းခံရသည့် မြန်မာနိုင်ငံတွင် ပြည်သူများက တပ်ပိုင်လုပ်ငန်းများ၊ စစ်တပ်နှင့်ဆက်စပ်လုပ်ငန်းများမှ ကုန်ပစ္စည်းများကို အသုံးမပြုသည့်လှုပ်ရှားများထွက်ပေါ်လာချိန်တွင် ထိုင်းနိုင်ငံဘက်က အချိုရည်တင်သွင်းမှုမှာ ယခင်ကထက်တိုးလာပြီးနောက် အာဏာသိမ်းစစ်တပ်က နယ်စပ်မှ တရားဝင်တင်သွင်းနေသည့် အချိုရည်၊ ကော်ဖီ၊ ကော်ဖီမစ်၊ တီးမစ်၊ နို့ဆီတို့ တင်သွင်းခြင်းအား မေလ (၁) ရက်နေ့မှစ၍ ခွင့်မပြုတော့ဘဲ ပင်လယ်ရေကြောင်းမှ တင်သွင်းခွင့်တစ်ခုကိုသာ ခွင့်ပြုတော့မည်ဟု ကန့်သတ်လာခြင်းဖြစ်သည်။

ထိုင်းနိုင်ငံက အချိုရည်မျိုးစုံကို မြန်မာနိုင်ငံသို့ မယ်ဆိုင်၊ မဲဆောက်နှင့် ရနောင်းနယ်စပ်တို့မှ အဓိကတင်ပို့နေခြင်းဖြစ်ပြီး နှစ်စဉ် ဘတ် (၁၀) ဘီလျံကျော်တင်ပို့နိုင်နေခြင်းဖြစ်သည်။

ယင်းကဲ့သို့ နယ်စပ်မှ တရားဝင်တင်သွင်းခွင့်ကို ကန့်သတ်လိုက်သဖြင့် ထိုင်းကုန်သည်များအနေဖြင့် ပိုမိုကုန်ကျမှုများသည့် ရေလမ်းမှ တင်ပို့ရတော့မည်ဖြစ်၍ အခက်အခဲဖြစ်လာသည့်နည်းတူ နယ်စပ်မှ တရားဝင်တင်သွင်းနေသည့် မြန်မာကုန်သည်များမှာလည်း အခက်အခဲများစွာ ကြုံနေရခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ဖေဖေါ်ဝါရီလ (၁) ရက်နေ့က ပြည်သူရွေးကောက်ထားသည့် အစိုးရအား ဖမ်းဆီးကာ စစ်တပ်က နိုင်ငံ့အာဏာသိမ်းလိုက်သည့်အတွက်  တပ်ပိုင်လုပ်ငန်းများ၊ စစ်တပ်ဆက်စပ်လုပ်ငန်းများမှ ပစ္စည်းများမသုံးစွဲသည့် တပ်ပိုင်လုပ်ငန်းများသပိတ်မှောက်ခြင်းကိုလည်း  လုပ်ဆောင်နေကြပြီး နေ့စဉ်အသုံးပြုနေသည့်ပစ္စည်းများသည် Boycott စာရင်းတွင် ပါ/မပါ စစ်ဆေးနိုင်သည့် Way Way Nay Application ကိုပါ ပြည်သူများက ထုတ်လုပ်သုံးစွဲနေခြင်းဖြစ်သည်။

တပ်ပိုင်လုပ်ငန်းများသပိတ်မှောက်ခြင်းကြောင့် စစ်တပ်ပိုင်လုပ်ငန်းမှထုတ်လုပ်သည့် မြန်မာဘီယာ၏ရောင်းအားမှာ အာဏာသိမ်းလိုက်သည့် ပထမနှစ်လတာအတွင်း ရောင်းအား (၈၀)မှ (၉၀) ရာခိုင်နှုန်းအထိ ရောင်းအားကျသွားခဲ့သည်ဟု Frontier Myanmar သတင်းဌာနသို့  ပြောကြားထားကြောင်း သိရသည်။