“ဝ”တောင်ပိုင်း UWSA (၁၇၁)စစ်ဒေသတွင် ထိုင်းဘက်သို့ သယ်ဆောင်သည့် မူးယစ်ဆေးမှောင်ခိုအဖွဲ့ထံက စိတ်ကြွဆေးပြား (၇)သိန်းကို UWSA က သိမ်းဆည်းရမိ

 “ဝ”တောင်ပိုင်း UWSA (၁၇၁)စစ်ဒေသတွင် ထိုင်းဘက်သို့ သယ်ဆောင်သည့် မူးယစ်ဆေးမှောင်ခိုအဖွဲ့ထံက စိတ်ကြွဆေးပြား (၇)သိန်းကို UWSA က သိမ်းဆည်းရမိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊  “ဝ”တောင်ပိုင်း UWSA (၁၇၁)စစ်ဒေသအတွင်း  ဧပြီလ(၁၁)ရက်နေ့ နံနက်ပိုင်းက ထွက်ပြေးသွားသည့် မူးယစ်ဆေးဝါးမှောင်ခိုအဖွဲ့ထံက မူးယစ်ဆေးဝါးများကို  သိမ်းဆည်းရမိကြောင်း သိရသည်။

 “ဝ”တောင်ပိုင်း UWSA (၁၇၁)စစ်ဒေသ၏ တပ်မဟာ (၇၇၂)၏ တပ်ရင်းတစ်ခုမှ  လွယ်ထွေးဒေသတွင် ၂၀၂၁ခုနှစ် ဧပြီလ(၁၁)ရက်နေ့ နံနက်(၈)နာရီခွဲဝန်းကျင်အချိန်က ကင်းလှည့်နေစဉ် လွယ်ထွေးဒေသ၏ အရှေ့တောင်ဘက် (၆)ကီလိုမီတာ အကွာတွင် မူးယစ်မှောင်ခိုအဖွဲ့မှ (၇) ဦးကို တွေ့ရှိပြီး ရပ်တန့်စစ်ဆေးရန် ပြောကြားစဉ် (၇)ဦးက  ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

ဖြစ်စဉ်များအရ “ဝ”တောင်ပိုင်း UWSA (၁၇၁)စစ်ဒေသ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့သည် လိုက်လံရှာဖွေဖမ်းဆီးရန် တပ်မဟာ (၇၇၂)နှင့် တပ်မဟာ (၇၇၅)ကို ချက်ချင်း ဆင့်ခေါ် ညွှန်ကြားပြီးနောက် တပ်မဟာနယ်မြေများတစ်လျှောက် လိုက်လံရှာဖွေမှုများ ပြုလုပ်ရာ  ထိုင်းနိုင်ငံသို့ မူးယစ်ဆေးဝါး ကုန်ကူးရန်ကြိုးပမ်းသူ မူးယစ်မှောင်ခိုအဖွဲ့အား တွေ့ရှိရခြင်း မရှိသော်လည်း Wy စာသားပါသည့် စိတ်ကြွရူးသွပ်ဆေးပြား (၇)သိန်းကို တွေ့ရှိသိမ်းဆည်းရမိကြောင်း UWSA ဘက်က ဧပြီလ(၁၂)ရက်နေ့တွင် သတင်းထုတ်ပြန်ထားရှိသည်။ 

 “ဝ”တောင်ပိုင်း UWSA (၁၇၁)စစ်ဒေသ၏ နယ်မြေတစ်လျှောက်တွင် ယခုလို မူးယစ်ဆေးဝါးသယ်ဆောင်သူများကို ကင်းလှည့်စဉ် စစ်ဆေးတွေ့ရှိရမှုများ ရှိပြီး အများအားဖြင့် မူးယစ်ဆေးဝါးများကို သိမ်းဆည်းရမိမှုများ မကြာခဏ ရှိခဲ့ကြောင်း သိရသည်။



Photo: UWSA