ဖယ်ခုံမြို့တွင် ဒလန်ဟု နာမည်ကြီးနေသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနေအိမ်ကို သေနတ်ဖြင့် ပစ်ခတ်၍ စစ်ကောင်စီက ခန့်ထားသည့် အုပ်ချုပ်ရေးမှူး ဒဏ်ရာရပြီး တူတော်မောင် သေဆုံး

ဖယ်ခုံမြို့တွင် ဒလန်ဟု နာမည်ကြီးနေသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနေအိမ်ကို သေနတ်ဖြင့် ပစ်ခတ်၍ စစ်ကောင်စီက ခန့်ထားသည့် အုပ်ချုပ်ရေးမှူး ဒဏ်ရာရပြီး တူတော်မောင် သေဆုံး
ဧပြီ 28, 2021 | ရှမ်းတောင်

 ရှမ်းပြည်တောင်ပိုင်း ၊ ဖယ်ခုံမြို့ ညောင်ပင်သာရပ်ကွက်တွင် ဧပြီလ (၂၇)ရက်နေ့ ညပိုင်းက သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အာဏာသိမ်းအဖွဲ့မှ ခန့်အပ်ထားသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးဒဏ်ရာရရှိပြီး ၎င်း၏ တူဖြစ်သူမှာ သေဆုံးသွားကြောင်းသိရသည်။ 

ဒီသတင်းနဲ့ ပက်သက်ပြီးတော့ သေချာတာ တစ်ခုက အုပ်ချုပ်ရေးမှူး ရဲ့ တူ အပစ်ခံရလို့သေ သွားတယ်။ အုပ်ချုပ်ရေးမှူးက ဒဏ်ရာရတယ်။ ဘယ်သူ ပစ်လဲ ဘယ်ဖက်က ပစ်လဲဆိုတာတော့ သတင်းအကြောင်းအရာ အမျိုးမျိုးထွက်နေတာပေါ့။ ကျွန်တော်သိထားတာတော့ လူသုံးယောက် သေနတ်နဲ့ လာပစ်သွားတယ်ဆိုတာပဲ။ စစ်တပ်က ပစ်တာလား အရပ်သားက ပစ်တာလားဆိုတာတော့ ကျွန်တော်တို့ အတိအကျမသိရသေးဘူး။ အဲ့ အုပ်ချုပ်ရေးမှူးအိမ်ကတော့ အဲ့ရပ်ကွက်ထဲမှာ ဒလန်အိမ်လို့ နာမည်ကြီးနေတယ်။

ဟု ဖယ်ခုံမြို့ ဒေသခံတစ်ဦးက တာချီလိတ် သတင်းအေဂျင်စီသို့ အတည်ပြုပြောသည်။ 

ဧပြီလ (၂၇)ရက်နေ့ ည (၉)နာရီခွဲကျော် အချိန်ခန့်တွင် စစ်ကောင်စီမှ ခန့်အပ်ထားသော ညောင်ပင်သာရပ်ကွက်အုပ်ချုပ်ရေးမှူး၏ နေအိမ်အား လူသုံးဦးခန့်ရောက်ရှိလာပြီး နေအိမ်သို့ဝင်ရောက်ကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပြီး အုပ်ချုပ်ရေးမှူးမှာ ဒဏ်ရာရရှိ၍ ၎င်း၏ တူဖြစ်သူမှာ သေဆုံးသွားခဲ့ကြောင်း ဖယ်ခုံမြို့ခံများ ပြောပြချက်အရသိရသည်။ 

ညောင်ပင်သာ တစ်ရပ်ကွက်လုံး က​တေ့ာ အဲ့ဒီအုပ်ချုပ်ရေးမှူးအိမ်ကို ဒလန်အိမ်လို့ပြောကြတယ်။ ဆန္ဒပြ တာတွေဘာတွေ လုပ်ရင်လည်း သူက လျှောက်ပြော လျှောက်အပြစ်တင်တာတွေ အမြဲလုပ်တယ်။ သူက ကြံခိုင်ရေးကလို့ လဲသိရတယ်။ ရပ်ကွက်ကလူတွေနဲ့ သူ့အိမ်နဲ့က လုံးဝအဆင်မပြေတဲ့ အနေထားမှာရှိတယ်။

ဟု မြို့ခံတစ်ဦးကပြောသည်။ 

ဖယ်ခုံမြို့ ၊ ညောင်ပင်သာရပ်ကွက်တွင် အာဏာသိမ်း  စစ်ကောင်စီ မှ ခန့်အပ်ထားသော အုပ်ချုပ်ရေးမှူး နေအိမ်ပစ်ခံရသည့် ဧပြီလ ၂၇ ရက်နေ့ ညပိုင်းအချိန် ၎င်းအုပ်ချုပ်ရေးမှူးမှ ဖုန်းဆက်အကြောင်းကြားခဲ့၍ စစ်တပ်၏ ကားနှင့် စစ်သားအချို့ ရောက်ရှိလာခဲ့ပြီး ရပ်ကွက်များအတွင်း ခြိမ်းခြောက် ပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။