အာဏာသိမ်းအဖွဲ့က အမှုရုတ်သိမ်းပေးမည်ဟု ဆို၍ တိမ်းရှောင်ရာမှ နေအိမ်ပြန်လာသူ အဖမ်းခံရ

အာဏာသိမ်းအဖွဲ့က အမှုရုတ်သိမ်းပေးမည်ဟု ဆို၍ တိမ်းရှောင်ရာမှ နေအိမ်ပြန်လာသူ အဖမ်းခံရ
အောက်တိုဘာ 13, 2021 | ရှမ်းတောင်

အာဏာသိမ်းအဖွဲ့က တိမ်းရှောင်နေသူများအား အမှုရုတ်သိမ်းပေးမည်ဟု ကြေညာထားသည့် လှည့်ဖျားကြေညာချက်ကို   ယုံကြည်မိသည့် အမျိုးသားတစ်ဦး ဖမ်းဆီးခံလိုက်ရကြောင်း သိရသည်။

ဖမ်းဆီးခံရသူမှာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နေသူ ဦးစံဝင်းမောင်ဆိုသူဖြစ်ပြီး ၎င်းသည့် တိမ်းရှောင်နေရာမှ လှည့်ဖျားကြေညာချက်ကို ယုံကြည်မိပြီး နေအိမ်သို့ ပြန်လာပြီးနောက် ဖမ်းဆီးခံရခြင်း ဖြစ်သည်။ 

 အမှုပိတ်ပေးထားသည်ဟုဆို၍ ဆီဆိုင်မြို့ ရှိနေအိမ်သို့ ပြန်လာနေထိုင်စဉ် ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၁၁) ရက်နေ့ ညပိုင်းက အာဏာသိမ်းအဖွဲ့၏ စစ်တပ်နှင့်ရဲက လက်ထိတ်ခတ်၊ သေနတ်ဖြင့်ချိန်၍ ဖမ်းသွား၍ ဖိနပ်ပင်စီးခွင့်မရဘဲ ပါသွားပြီး လက်ရှိအချိန်ထိ မည်သည့်နေရာတွင် ထားသည်ကို မသိရသေးကြောင်း Kanbawza Tai News က ဖမ်းဆီးခံရသူနှင့်နီးစပ်သူတစ်ဦးကို ကိုးကား၍ ဖေါ်ပြထားသည်။

ဖမ်းဆီးခံရသည့် ဦးစံဝင်းမောင်ကို ဆီဆိုင်မြို့ ဆန္ဒပြပွဲများအား ဦးဆောင်သူဟုဆိုကာ အာဏာသိမ်းအဖွဲ့က အမှုဖွင့်ထားသဖြင့် ဖေဖေါ်ဝါရီလကတည်းက တိမ်းရှောင်နေရစဉ် အာဏာသိမ်းအဖွဲ့၏ အမှုရုတ်သိမ်းပေးမည်ဟူသော လှည့်ဖျားကြေညာချက်ကို ယုံကြည်ပြီး ရဲတပ်ဖွဲ့ထံ ဆက်သွယ်ရာ အမှုပိတ်ပေးထားကြောင်းကို အကြောင်းပြန်ကြားမှုရသဖြင့် ပြန်လာသူဖြစ်ကြောင်း သိရသည်။

ဦးစံဝင်းမောင်သည် ဆီဆိုင်မြို့၊ အောင်ချမ်းသာရပ်ကွက် အုပ်ချုပ်ရေးမှူးအဖြစ် တာဝန် ယူခဲ့ဖူးသူ ဖြစ်သည့်အပြင် မေတ္တာရောင်ခြည်ပရဟိတအသင်းတွင် ပရဟိတ လုပ်ငန်းများကို လုပ်ဆောင်နေသူ ဖြစ်သည့်အတွက် ပြန်လာချိန်တွင် ပရဟိတအသင်းနှင့်အတူ COVID-19 ကပ်ရောဂါဆိုင်ရာ ပရဟိတ လုပ်ငန်းများကို လုပ်ဆောင်နေစဉ် ဖမ်းဆီးခံရခြင်း ဖြစ်သည်ဟု သိရသည်။

အာဏာသိမ်းအဖွဲ့က ဦးစံဝင်းမောင် တိမ်းရှောင်နေစဉ် မတ်လအတွင်းက  ဦးစံဝင်းမောင်၏ ဇနီးဖြစ်သူကို ဖမ်းဆီးကာ ‌ညောင်ရွှေအကျဉ်းထောင် (တောင်လေးလုံးထောင်)၌ ချုပ်နှောင်ထားခြင်းဖြစ်သည်။

 ဦးစံဝင်းမောင်အား မည်သည့်ပုဒ်မဖြင့် အမှုဖွင့်ထားသည်ကိုတော့ မသိရသေးပါ။

စစ်တပ်က အာဏာသိမ်းပြီးနောက် အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ပြည်သူများကို နည်းမျိုးစုံဖြင့် အကြမ်းဖက် ဖမ်းဆီး၊ နှိမ်နှင်းခြင်းများလုပ်လာသဖြင့် တိမ်းရှောင်နေကြရသူများကို နေရပ်ပြန်လာပါက မိမိတို့ဖွင့်ထားသည့်အမှုများပိတ်ပေးမည်ဟု အာဏာသိမ်းအဖွဲ့က တစိုက်မတ်မတ်ကြေညာနေခြင်းဖြစ်သည်။