ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဆိုင်ခန်းပေါင်း (၃,၀၀၀) ရှိသည့် ဈေးကြီး မီးလောင်မှုကြီး ဖြစ်ပွား

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဆိုင်ခန်းပေါင်း (၃,၀၀၀) ရှိသည့် ဈေးကြီး မီးလောင်မှုကြီး ဖြစ်ပွား
By Mr John

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်ရှိ ဆိုင်ခန်းပေါင်း (၃,၀၀၀) ပါဝင်သည့် ဈေးဝင်းနေရာတစ်ခုတွင် မီးလောင်မှု အကြီးအကျယ်ဖြစ်ပွားခဲ့ရာ မီးသတ်သမားများအပြင် စစ်သားများပါ ပါဝင်ကူညီ၍ မီးငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်ဌာနအရာရှိက ပြောသည်။ 

၂၀၂၃ခုနှစ် ဧပြီလ (၄) ရက်နေ့၏ ဒေသစံတော်ချိန် နံနက်အစောပိုင်းတွင် မီးလောင်မှု စတင်ဖြစ်ပွာခဲ့ခြင်းဖြစ်ပြီး မွန်းလွဲပိုင်းအထိ သတင်းအချက်အလက်များအရ အသေအပျောက်မရှိခဲ့ဟု ဆိုသည်။

ဒါကာမြို့လယ်ခေါင် လူနေထူထပ်သော Bangabazar ဈေးဝင်းရှိ နာမည်ကြီး အဝတ်အထည်ဈေးကွက်နေရာတွင် ဖြစ်ပွားခဲ့သည့် မီးလောင်မှုမှာ လျင်မြန်စွာ ကူးစက်လောင်ကျွမ်းခဲ့ရာ မီးငြှိမ်းသတ်ရေးတွင် စစ်သားများကိုပါ အကူအညီခေါ်ခဲ့ရသည်။ 

မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းကို မသိရသေးကြောင်းနှင့် မီးသတ်ကား အစီး (၅၀) ဖြင့် မီးငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်အရာရှိ Rashid Bin Khalid က ပြောသည်။

ဈေးဝင်းအတွင်းရှိ ဆိုင်ခန်းအများစုမှာ ပြာကျသွားသည်အထိ မီးလောင်သွားခဲ့ကြောင်းနှင့် ဆိုင်းခန်းများအတွင်း လူများ ပိတ်မိခဲ့ခြင်းရှိ မရှိ မသိရဟု ဆိုသည်။ 

မီးလောင်မှုဖြစ်ပွားချိန်မှာ ဆိုင်ခန်းအများစု မဖွင့်ရသေးမီ နံနက်အစောပိုင်းအချိန်ဖြစ်ကြောင်း မီးသတ်အရာရှိ Khalid က ပြောသည်။ 

မီးလောင်မှု ဖြစ်ပွားသည့်နေရာတွင် မီးခိုးများဖုံးနေပြီး မီးတောက်များ ထိုးထွက်နေခဲ့ရာ ကယ်ဆယ်ရေးလုပ်ငန်းကို နှောင့်နှေးစေခဲ့သည်ဟု မီးသတ်အရာရှိတစ်ဦးက ဆိုသည်။

"ဒီလို မီးလောင်မှုမျိုး တစ်ခါမှ မတွေ့ခဲ့ဖူးဘူး။ ဆိုင်မှာရှိသမျှ အကုန် မီးထဲပါသွားတယ်" ဟု ဆိုင်ခန်းပိုင်ရှင်တစ်ဦးဖြစ်သူ Abdul Mannan က မျက်ရည်ကျလျက် ၎င်း၏ဆွေမျိုးများကို ဖုန်းဆက်ပြောခဲ့သည်။ 

Bangabazar ဈေးဝင်းတွင် အများစုမှာ အဝတ်အထည်ဆိုင်များဖြစ်ပြီး အသုံးအဆောင်များ၊ လျှပ်စစ်ပစ္စည်းများနှင့် အခြား အိမ်သုံးပစ္စည်းများ ရောင်းချသည့် ဆိုင်ခန်းများလည်းရှိနေကြောင်း သိရသည်။

ထိုဈေးဝင်းရှိ အဝတ်အထည်ဆိုင်ရှင်များက အစ္စလာမ်ဘာသာဝင်တို့၏ အီးဒ်ပွဲတော်အတွက် ရောင်းချရန် ကြိုတင်ပြင်ဆင်မှုအဖြစ် ၎င်းတို့၏ ဆိုင်များတွင် အဝတ်အထည် အများအပြား သိုလှောင်ထားကြပြီး ထိုအဝတ်အထည်များ မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် စည်းမျဥ်းစည်းကမ်း လျော့ရဲမှုနှင့် လိုက်နာဆောင်ရွက်မှု အားနည်းချက်တို့ကြောင့် လတ်တလော နှစ်များအတွင်း စက်မှုလုပ်ငန်းများ၌ အပါအဝင် လူရာနှင့်ချီ သေဆုံးသည့် မီးလောင်မှုများ ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။

Source: Reuters

Photo:  REUTERS/Mohammad Ponir Hossain,