စစ်ကောင်စီ၏ အကြမ်းဖက်အဖွဲ့မှ လိုက်လံပစ်ခတ်ဖမ်းဆီးမှုကြောင့် လွိုင်ကော်မြို့ရှိ ဘီလူးချောင်းအတွင်း ခုန်ချထွက်ပြေးသွားသူကို ဒုတိယမြောက်အဖြစ် ဆက်လက်ရှာဖွေနေ

စစ်ကောင်စီ၏ အကြမ်းဖက်အဖွဲ့မှ လိုက်လံပစ်ခတ်ဖမ်းဆီးမှုကြောင့် လွိုင်ကော်မြို့ရှိ ဘီလူးချောင်းအတွင်း ခုန်ချထွက်ပြေးသွားသူကို ဒုတိယမြောက်အဖြစ် ဆက်လက်ရှာဖွေနေ
ဧပြီ 23, 2021 | ကယား

လွိုင်ကော်မြို့ အရုဏ်ဦးသပိတ်ကို စစ်ကောင်ကြောင်းကို အကြမ်းဖက်လက်နက်ကိုင်များမှ ပစ်ခတ်ဖြိုခွင်းရာတွင် ဘီလူးချောင်းအတွင်း ခုန်ချထွက်ပြေးသည့် အမျိုးသားအား ဆက်လက်ရှာဖွေနေ

ကယားပြည်နယ် ၊ လွိုင်ကော်မြို့တွင် ဧပြီလ (၂၂)ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည့် စစ်အာဏာရှင် ဆန့်ကျင်ရေးအရုဏ်ဦးသပိတ်အား အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက် လက်နက်ကိုင်များမှ ပစ်ခတ်ဖြိုခွင်းခြင်းကြောင့် တိမ်းရှောင်ထွက်ပြေးရင်း ဘီလူးချောင်းအတွင်း ခုန်ချသွား၍ ပျောက်ဆုံးနေသော လူငယ်တစ်ဦးကို ဧပြီလ (၂၃)ရက်နေ့ နံနက်တွင် ရှာဖွေမှုများ ဆက်လက်လုပ်ဆောင်နေကြောင်းသိရသည်။

"ဒီနေ့ မနက် (၇)နာရီလောက်ကစပြီးတော့ ထပ်ရှာဖွေမှုတွေ ဆက်လုပ်နေတယ်။ လက်ရှိချိန်ထိ ဘာမှမတွေ့ရသေးဘူး။ လူတွေ ရေငုပ်တာ အောက်ပိုင်းထိ ကြိုးတွေနဲ့ဆွဲရှာတာတွေ လုပ်တယ်။ သူ့ဇာတိ ဘောလခဲ ကတစ်ချို့လည်း ရောက်နေပြီးတော့ လာရှာနေကြတယ်။ သူ့ မိသားစုတွေလည်းရှိနေကြပြီးတော့ ရှာနေကြတာပေါ့။ စစ်တပ်ဖက်ကလို့ ထင်ရတဲ့ အရပ်ဝတ်တွေနဲ့ လာစောင့်ကြည့်နေသူတစ်ချို့လည်းရှိနေတယ်။" ဟု လွိုင်ကော်မြို့ ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီ သို့ပြောသည်။

ဧပြီလ (၂၃)ရက်နေ့ နံနက်အစောပိုင်းမှစ၍ ဘီလူးချောင်းအတွင်း ပျောက်ဆုံးနေသူအား  ရှာဖွေမှုများ ထပ်မံလုပ်ဆောင်နေခြင်းဖြစ်ပြီး နံနက် (၉)နာရီ (၄၅)မိနစ်အချိန်ထိ တစ်စုံတစ်ရာ ရှာဖွေတွေ့ရှိခြင်း မရှိသေးကြောင်း လွိုင်ကော်မြို့ ဒေသခံတစ်ဦးမှ တာချီလိတ်သတင်းအေဂျင်စီ သို့ အတည်ပြုထားသည်။

 

လွိုင်ကော်မြို့တွင် ဧပြီလ (၂၂)ရက်နေ့ နံနက်အစောပိုင်းတွင် ပြုလုပ်ခဲ့သည့် စစ်အာဏာရှင် ဆန့်ကျင်ရေးအရုဏ်ဦးသပိတ်အား အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက် လက်နက်ကိုင်များမှ လာရောက်ပစ်ခက်ဖြိုခွင်းခဲ့သောကြောင့် အမျိုးသမီးသုံးဦး ဖမ်းဆီးခံခဲ့ရသလို ဆိုင်ကယ်များပါ သိမ်းယူသွားပြီး ဘီလူးချောင်းအတွင်း ခုန်ချထွက်ပြေးခဲ့သူ တစ်ဦးမှာ ဧပြီလ (၂၂)ရက်နေ့ ညပိုင်းထိ ပျောက်ဆုံးနေ၍ ရှာဖွေမှုများ လုပ်ဆောင်ခဲ့သော်လည်း ညပိုင်းထိ မတွေ့ရှိခဲ့ဘဲ ယနေ့ ဧပြီလ ၂၃ ရက်နေ့မှာ ထပ်မံရှာဖွေမှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။

လွိုင်ကော်မြို့ခံများ၏ ပြောပြချက်အရ ဧပြီလ (၂၂)ရက်နေ့ နံနက် (၄)နာရီကျော်အချိန်ဝန်းကျင်က လွိုင်ကော်မြို့တွင် လူငယ်အချို့မှ ပြုလုပ်သည့် အရုဏ်ဦးသပိတ်အား အာဏာသိမ်းအဖွဲ့မှ သေနတ်များဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့သောကြောင့် အဆိုပါ အမျိုးသားမှာ အနီးရှိ ဘီလူးချောင်းအတွင်း ခုန်ချ ထွက်ပြေးခဲ့ခြင်း ဖြစ်ကြောင်း သိရပြီး အချို့၏ ပြောပြချက်အရ ၎င်းအမျိုးသားမှာ ကျည်ထိမှန်ခြင်းရှိခဲ့ကြောင်း ပြောဆိုမှုများလည်းရှိပြီး လက်ရှိချိန်ထိ ပျောက်ဆုံးနေ၍ အတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရသည်။