ဒီးမော့ဆိုမြို့ စံပြ (၆)မိုင် ကက်သလစ်ဘုရားကျောင်းတွင် စစ်ကောင်စီတပ်မှ အင်အားအမြောက်အများဖြင့် တပ်ဆွဲထား

ဒီးမော့ဆိုမြို့ စံပြ (၆)မိုင် ကက်သလစ်ဘုရားကျောင်းတွင် စစ်ကောင်စီတပ်မှ အင်အားအမြောက်အများဖြင့် တပ်ဆွဲထား
ဇွန် 3, 2021 | ကယား

ကယား(ကရင်နီ)ပြည်နယ် ၊ ဒီးမော့ဆိုမြို့နယ် စံပြ(၆)မိုင်ကျေးရွာရှိ ဆောက်လုပ်ပြီးစီးခါစ ကက်သလစ်ဘုရားကျောင်းတွင် ဇွန်လ (၃)ရက်နေ့ နံနက်ပိုင်းက စ၍ စစ်ကောင်စီ၏ တပ်များမှ အင်အားအများအပြားဖြင့် တပ်ဆွဲကာ ပစ်ခတ်မှုများ လုပ်​ဆောင်နေကြောင်းသိရသည်။ 

ဒီးမော့ဆိုမြို့နယ် စံပြ(၆) မိုင်ကျေးရွာရှိ ဆောက်လုပ်ပြီးစီးခါစ ဘုရားကျောင်းအတွင်း စစ်ကောင်စီ၏ တပ်များမှအင်အားအများပြားဖြင့် ဇွန်လ (၃)ရက်နေ့ နံနက် (၃)နာရီဝန်းကျင်တွင် ဝင်ရောက်တပ်ဆွဲ၍ ကျေးရွာတွင်း လုံခြုံရေး ယူထားသော ပြည်သူအချို့နှင့် တစ်ကြိမ် ပစ်ခက်မှု ဖြစ်ပွားခဲ့ပြီး နံနက် (၈)နာရီတွင်  ဒေသခံ PDF များနှင့် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။

မနက်အစောကြီး တစ်ခါ ဖြစ်တယ်။ မနက် (၈)နာရီကျော်လောက်က စပြီးထပ်ဖြစ်တယ် တော်တော်ကြာတယ်။ သူတို့က ဘုရားကျောင်းထဲမှာ ဝင်နေရာယူပြီး ပစ်နေတာ။ ဒါက လုံးဝမဖြစ်သင့်ဘူး ။ ကျွန်တော်တို့ ကိုးကွယ်တဲ့ ဘာသာတရားကိုလည်း စော်ကားတာနဲ့အတူတူပဲ ။ ခု ညရောက်တဲ့ အထိ ပစ်လိုက်မပစ်လိုက်ပဲ။ ခုထိတော့ တပ်ဆွဲထားတယ်။ ကျွန်တော်တို့တော့ ရွာမှာ မရှိတော့ဘူး အကုန်ရှောင်လာပြီ

ဟု စံပြ (၆)မိုင်ကျေးရွာ ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။ 

အကြမ်းဖက်စစ်ကောင်စီဖက်မှ စစ်ကား အစီး (၁၀)စီး တင့်ကား (၂)စီးဖြင့် ခရစ်ယာန်များ၏ ဘုရားကျောင်းအတွင်း ဝင်ရောက် တပ်ဆွဲကာ နံနက် (၈)နာရီမှစ၍ နာရီပေါင်းများစွာ ပြည်သူ့ကာကွယ်ရေးတပ်များအား ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ဘုရားကျောင်းအား အကာကွယ်ယူ၍ လက်နက်ကြီးများ ၊ အမြှောက်တပ်မှ အမြှောက်များဖြင့် ပစ်ခတ်ခဲ့သလို  စနိုက်ပါများဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဒေသခံ PDF တပ်သားတစ်ဦးကျဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ် မှ သတင်းထုတ်ပြန်ထားသည်။

ဒီးမော့ဆိုမြို့နယ်အတွင်းအင်အား ဖြည့်တင်းရန် ဇွန်လ(၃)ရက်နေ့  နံနက်(၂)နာရီအချိန်ဝန်းကျင်က လွိုင်ကော်မှ  တင့်ကား(၂)စီး၊ စစ်ကား (၁၀)  စီး အင်အား (၁၀၀)ခန့်ဖြင့်  စံပြ (၆) မိုင်ဘုရားကျောင်းအတွင်း တပ်ဆွဲထားသလို ငွေတောင်ဆည်ပေါ်တွင်လည်း စစ်ကောင်စီမှ အင်အားအလုံးအရင်းဖြင့် တပ်ဆွဲထားကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)မှ သတင်းထုတ်ပြန်ထားသည်။

လွိုင်ကော်မြို့ လေဆိပ်တွင်လည်း  ဇွန်လ (၃)ရက်နေ့နံနက်ပိုင်းမှစ၍ စစ်လေယာဥ်များ (၁၃) ကြိမ်နီးပါး အတက်အဆင်းပြုလုပ်ခဲ့ကြောင်း သိရပြီး  လွိုင်ကော်မြို့ အခြေစိုက် အမြှောက်တပ်မှလည်း တာဝေးပစ် အမြှောက်များ ဆက်လက် ပစ်ခတ်နေဆဲ ဖြစ်ကြောင်းသိရသည်။