ရှမ်း - ကယားနယ်စပ် ဝှာရီတောင်ခြေရွာတွင် နေအိမ်များကို ခေတ္တစွန့်ခွာ တိမ်းရှောင်ပြီးနောက် ကျေးရွာသို့ ပြန်လာသူများထဲက (၄)ဦးကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီး၍ ပြန်လည် ထွက်ပြေး တိမ်းရှောင်နေရ

ရှမ်း - ကယားနယ်စပ် ဝှာရီတောင်ခြေရွာတွင် နေအိမ်များကို ခေတ္တစွန့်ခွာ တိမ်းရှောင်ပြီးနောက် ကျေးရွာသို့ ပြန်လာသူများထဲက (၄)ဦးကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီး၍ ပြန်လည် ထွက်ပြေး တိမ်းရှောင်နေရ
ဧပြီ 10, 2021 | ကယား

ကယားပြည်နယ်နှင့်နယ်စပ်ရှိ ရှမ်းပြည်နယ် (တောင်ပိုင်း)  တောင်ကြီးခရိုင်၊  ဖယ်ခုံမြို့နယ်ရှိ ဝှာရီတောင်ခြေကျေးရွာမှ နေအိမ်များကို ခေတ္တစွန့်ခွာပြီး တိမ်းရှောင်နေရသည့် ဒေသခံများ  ကျေးရွာသို့ ပြန်လာနေချိန်တွင် ၂၀၂၁ ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့ နံနက်ပိုင်းက အာဏာသိမ်းအဖွဲ့၏ စစ်တပ်က လူ (၄) ဦးကို ဝင်ရောက်ဖမ်းဆီး၍ ပြည်သူများမှာ  ပြန်လည်ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

 အမျိုးသား (၁) ဦးနှင့် အမျိုးသမီး (၃) ဦး စုစုပေါင်း (၄) ဦးကို အာဏာသိမ်းအဖွဲ့၏ စစ်တပ်က ဝင်ဖမ်းသည့်အပြင် အိမ်အချို့လည်း ဖျက်ဆီးခံရသဖြင့် ကျေးရွာဒေသခံများ ပြန်လည်ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း တိုးတက်သောကရင်နီပြည်နယ်အင်အားစု (PKPF) က သတင်းထုတ်ပြန်ထားသည်။

အဆိုပါကျေးရွာအပါအဝင် ရှမ်း- ကယားနယ်စပ်ရှိ ဖယ်ခုံမြို့နယ်အတွင်း ကျေးရွာများတွင် မတ်လ (၁၇) ရက်နေ့က စစ်တပ်အင်အား အလုံးအရင်းဖြင့်ရောက်လာပြီး ပျောက်ဆုံးနေသည့် စစ်သား (၄) ဦးကို တစ်အိမ်တက်ဆင်း ဝင်ရောက်ရှာဖွေသည့်အပြင် ဖမ်းဆီးခြင်းများလည်း ပြုလုပ်သဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြခြင်းဖြစ်သည်။