တိုက်ပွဲမဖြစ်ဘဲ ဆိုင်ခွန်ဆောင်ငံရွာကို စစ်ကောင်စီဗုံးကြဲရာ ဒေသခံ (၄)ဦး ဒဏ်ရာရပြီး နေအိမ်များပျက်စီး

တိုက်ပွဲမဖြစ်ဘဲ ဆိုင်ခွန်ဆောင်ငံရွာကို စစ်ကောင်စီဗုံးကြဲရာ ဒေသခံ (၄)ဦး ဒဏ်ရာရပြီး နေအိမ်များပျက်စီး
ဧပြီ 3, 2024 | 2021 Military Coup| ကယား

ရှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ်အနောက်ခြမ်း၊ ဆိုင်ခွန်ဆောင်ငံကျေးရွာကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ်ဖြင့် ၂၀၂၄ ခုနှစ် ဧပြီလ (၂)ရက်နေ့ ညပိုင်းတွင် လာရောက်ဗုံးကြဲရာ ကလေးတစ်ဦးအပါအဝင် ဒေသခံ(၄)ဦး ဒဏ်ရာရပြီး နေအိမ်များ ပျက်စီးသွားကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် (၁၀)နှစ်အရွယ် မိန်းကလေးတစ်ဦးအပါအဝင် အမျိုးသား (၃)ဦး ဒဏ်ရာရပြီး အိမ်(၁၀)လုံးထက်မနည်း ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

“လေယာဉ်လာကြဲတာနဲ့ ရုတ်တရက်ကြီးဆို‌တော့ သူတို့ပြေးလို့လည်း မမှီခါကြတော့ အဲဒီမှာ လူထုကတော့ လေးယောက်လောက် ထိခိုက်သွားတယ်ပေါ့နော်။ ကျားကကျတော့ (၃)ဦးထိတယ်။ မကကျတော့ (၁)ဦးပေါ့နော်။ ကျား(၃)ဦးကကျတော့ လူငယ်အရွယ်ဖြစ်တယ်။ နောက် မကကျတော့ ကလေးဘဲရှိသေးတယ်။ အိမ်ကကျတော့ အဲဒီနားဝန်းကျင်ဆိုရင် ရွာအလယ်ဖြစ်တဲ့အတွက်ကြောင့်ပေါ့။ နောက် ရွာအလယ်ဖြစ်တဲ့အတွက် အိမ်ကကျတော့ ဆယ်လုံးနဲ့အထက် ပျက်စီးတယ်ပေါ့နော်။ တအားကြီးပျက်စီးသွားတဲ့အိမ်ကျတော့ ငါးလုံးခြောက်လုံးလောက် ရှိတာပေါ့”ဟု ဒေသခံတစ်ဦးကပြောကြောင်း Kayan New Generation Youth(KNGY)က ဖော်ပြထားသည်။

စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဖယ်ခုံမြို့နယ်တွင်းရှိ ကျေးရွာများကို လေယာဉ်ဖြင့် ဗုံးကြဲခြင်းပိုမိုပြုလုပ်လာကာ ပြီးခဲ့သည့် မတ်လတွင်းကလည်း လအိကျေးရွာရှိ ဆေးရုံတစ်ရုံကို ဗုံးကြဲသဖြင့် ပြည်သူအချို့ သေဆုံး၊ ဒဏ်ရာရခဲ့သည်။

#TachileikNewsAgency

Photo: KGNY