အာဏာသိမ်းစစ်တပ်က NCA စာချုပ်တစ်ခုလုံးကို ချိုးဖေါက်နေသည်ဟု KNU က တုန့်ပြန်

Photo:  New Mandala
Photo: New Mandala
အာဏာသိမ်းစစ်တပ်က NCA စာချုပ်တစ်ခုလုံးကို ချိုးဖေါက်နေသည်ဟု KNU က တုန့်ပြန်
ဧပြီ 20, 2021 | ဖျော်ဖြေရေး

 

KNU/KNLA အနေဖြင့် ငြိမ်းချမ်းရေးမလိုလားဘဲ ခေါင်းမာပြီး NCA အပစ်ရပ်စာချုပ်ကို ချိုးဖေါက်သည်ဟု စွပ်စွဲပြောဆိုသည့် အာဏာသိမ်းစစ်တပ်က နိုင်ငံ့ခေါင်းဆောင်များဖမ်းကာ နိုင်ငံ့အာဏာသိမ်းလိုက်ပြီး ပြည်သူများအား ပစ်ခတ်သတ်ဖြတ်ဖြိုခွင်းနေခြင်းမှာ NCA စာချုပ်တစ်ခုလုံးကို ချိုးဖေါက်သည့်လုပ်ရပ်ဖြစ်သည်ဟု KNU/KNLA က အာဏာသိမ်းစစ်တပ်၏ စွပ်စွဲပြောဆိုမှုကို ပြန်လည်ကန့်ကွက်တုန့်ပြန်သည့် ထုတ်ပြန်ချက်ကို ၂၀၂၁ ခုနှစ် ဧပြီလ (၂၀) ရက်နေ့က ထုတ်ပြန်လိုက်သည်။

စစ်တပ်က အာဏာသိမ်းပြီး လူထုအား အကြမ်းဖက်ဖြိုခွင်းသတ်ဖြတ်ခြင်းများ လုပ်လာသဖြင့် ပြည်သူနှင့်အတူ ရပ်တည်မည်ဟု ကြေညာထားသည့် KNU/KNLA ၏ ထိန်းချုပ်နယ်မြေများကို အာဏာသိမ်းစစ်တပ်က မတ်လ (၂၇) ရက်နေ့မှစ၍ လေကြောင်းမှပါ တိုက်ခိုက်မှုများလုပ်နေပြီးနောက် ယင်းကဲ့သို့ တိုက်ခိုက်ရခြင်းမှာ KNU/KNLA က ငြိမ်းချမ်းရေးမလိုလားဘဲ ခေါင်းမာပြီး NCA အပစ်ရပ်စာချုပ်ကို ချိုးဖေါက်၍ တိုက်ခိုက်ခြင်းဖြစ်သည်ဟု သတင်းစာရှင်းလင်းပွဲလုပ်၍ ပြောကြားထားခြင်းဖြစ်သည်။

အာဏာသိမ်းစစ်တပ်အနေဖြင့် KNU/KNLA နယ်မြေအတွင်း လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုမလုပ်မီ Drone ယာဉ်ဖြင့် အကြိမ်ကြိမ်ပျံသန်းထောက်လှမ်းပြီး အရပ်သားနေထိုင်ရာနေရာများကိုပါ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သော်လည်း ၎င်းတို့အနေဖြင့် အထိအခိုက်အနည်းဆုံးဖြစ်အောင် ဗုံးကြဲခြင်းကို သတိပေးအနေဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်ဟု အာဏာသိမ်းစစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ကို တွေ့ရသည်။

နိုင်ငံ့အာဏာမသိမ်းမီကလည်း KNU ထိန်းချုပ်နယ်မြေများတွင် ဖွံ့ဖြိုးရေးအကြောင်းပြကာ စစ်ရေးလမ်းကြောင်းဖေါက်ခြင်းကို နှစ်ဖက်သဘောတူမှုမရှိဘဲ လုပ်ဆောင်ခြင်းကဲ့သို့ NCA စာချုပ်ပါ အချက်များကို တောက်လျှောက်ချိုးဖေါက်လာသည့် စစ်တပ်က နိုင်ငံ့အာဏာသိမ်းပြီး NCA စာချုပ်တစ်ခုလုံးကိုပါ ချိုးဖေါက်နေသည်ဟု KNU/KNLA က ပြန်လည်တုန့်ပြန်ထားသည်။ အာဏာသိမ်းစစ်တပ်က KNU/KNLA နယ်မြေအပြင် KIO/KIA နယ်မြေကိုပါ လေကြောင်းမှ တိုက်ခိုက်နေခြင်းဖြစ်သည်။