တစ်ဦးလျှင် အကန့်သတ်ဖြင့်သာ ငွေထုတ်ပေးတော့မည်ဖြစ်၍ တာချီလိတ်ရှိ KBZ Bank များတွင် မနက်ကတည်းက လာရောက်စောင့်ဆိုင်းသူ များပြားနေ

တစ်ဦးလျှင် အကန့်သတ်ဖြင့်သာ ငွေထုတ်ပေးတော့မည်ဖြစ်၍ တာချီလိတ်ရှိ KBZ Bank များတွင် မနက်ကတည်းက လာရောက်စောင့်ဆိုင်းသူ များပြားနေ
ဧပြီ 20, 2021 | ရှမ်းရှေ့

နိုင်ငံတော်ကို စစ်တပ်မှ အာဏာသိမ်းလိုက်ပြီးနောက် ဘဏ်များတွင် တစ်နေ့လျှင် တစ်ဦးကို အကန့်အသတ်ဖြင့်သာ ငွေထုတ်ခွင့်ပေးနေ၍  တာချီလိတ်မြို့တွင် ယနေ့ ၂၀၂၁ခုနှစ် ဧပြီလ(၂၀)ရက်နေ့ နံနက်(၉)နာရီအချိန်က စ၍  KBZ Bank ခွဲများရှေ့တွင် ငွေထုတ်လိုသူ အများအပြား လာရောက် စောင့်ဆိုင်းနေသည်ကို တွေ့ရသည်။

"အကန့်သတ်နဲ့ ထုတ်ပေးတော့မယ်ဆိုတော့ လူဦးရေကလည်း အကန့်သတ်နဲ့ဖြစ်လာမှာမို့ မနက်ကတည်းက လာစောင့်နေတာ။ အခုတော့ ကိုယ့်ငွေနဲ့ကိုယ် စိတ်ဒုက္ခခံနေရတယ်။"ဟု တာချီလိတ်မြို့ KBZ Bank (၁)တွင် ငွေလာရောက်ထုတ်သည့် အမျိုးသမီးတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

KBZ Bank အနေဖြင့် တစ်ဦးကို တစ်နေ့လျှင် ငွေ(၅)သိန်းကျပ်သာ ထုတ်ခွင့်ရမည်ဖြစ်ပြီး တစ်ပတ်အတွင်း ငွေကျပ် သိန်း(၂၀)သာထုတ်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်တွင်းရှိ KBZ Bank 2

AGD Bank တွင် တစ်ဦးလျှင် တစ်နေ့ ကျပ်(၁၀)သိန်းသာ ထုတ်ခွင့်ရမည်ဖြစ်ပြီး တစ်ပတ်အတွင်း တခါမှ မထုတ်ရသေးသူအနေဖြင့် ကျပ်သိန်း(၂၀)အထိ ထုတ်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

AYA Bank အနေဖြင့် တစ်ဦးကို တစ်ပတ်အတွင်း ကျပ်(၁၀)သိန်းသာ ထုတ်ခွင့်ပေးထားပြီး ကုမ္ပဏီအနေဖြင့် ဖွင့်လှစ်ထားသည့် စာရင်းများကိုတော့ တစ်ပတ်လျှင် ကျပ်သိန်း(၁၀၀)နှုန်းဖြင့် ထုတ်ခွင့်ပေးထားပြီး ငွေထုတ်ပေးမှုများကို တစ်နေ့လျှင် (၁၀)ဦးမှ (၁၅)ဦးအထိ ထုတ်ပေးကြောင်း သိရသည်။



CB Bank အနေဖြင့် တစ်ဦးကို တစ်ပတ်လျှင် ကျပ်သိန်း (၂၀)သာထုတ်ခွင့်ရမည်ဖြစ်ပြီး ငွေထုတ်ယူရန်အတွက် ဘိုကင်လုပ်ထားရမည်ဖြစ်ကြောင်း သိရသည်။ 

ဘဏ်ဝန်ထမ်း အများစုမှာ CDM လုပ်ဆောင်ထားသည်များလည်းရှိသည့်အတွက် အချို့ဘဏ်များမှာ အလုံးစုံမဖွင့်သေးသော်လည်း အနောက်ပေါက်မှ ဝင်ရသည့် ဘဏ်များလည်း ရှိကြောင်း သိရသည်။

အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီမှ နိုင်ငံအတွင်း ဘဏ်လုပ်ငန်းများကိုပါ တင်းကြပ်မှုများ လုပ်ဆောင်လာရာ ဗဟိုဘဏ်၏ ညွှန်ကြားချက်များအရ ပုဂ္ဂလိကဘဏ်များအားလုံးသည် ငွေထုတ်ပေးသည့်အခါ ၎င်းတို့ ညွှန်ကြားထားသည့် အတိုင်း အကန့်သတ်ဖြင့်သာ ထုတ်ပေးရန်၊ ငွေသွင်းမှု ပမာဏများပါလည်း အချက်အလက်များဖြင့် စုံစမ်းမှုများ လုပ်ဆောင်ရန်ပါ ညွှန်ကြားထားကြောင်း သိရသည်။ 

တာချီလိတ်မြို့တွင် အစိုးရဘဏ်ဖြစ်သည့် မြန်မာစီးပွားရေးဘဏ်၊ စစ်တပ်ပိုင်ဖြစ်သည့် မြဝတီဘဏ်၊ အင်းဝဘဏ်၊ ပုဂ္ဂလိကဘဏ်များအဖြစ် KBZ Bank 1,2,3၊ CB Bank 1,2၊ AGD Bank၊ AYA Bank၊ Myanmar Citizens Bank နှင့် G-Bank  တို့ရှိသည်။