တာချီလိတ်မြို့တွင် ပို့ချသည့် ပညာရေးသင်တန်းသို့ CDM လုပ်ဆောင်ထားသည့် ဆရာ ဆရာမ (၃၅၃)ဦး မတက်ရောက်

တာချီလိတ်မြို့တွင် ပို့ချသည့် ပညာရေးသင်တန်းသို့ CDM လုပ်ဆောင်ထားသည့် ဆရာ ဆရာမ (၃၅၃)ဦး မတက်ရောက်
ဧပြီ 7, 2021 | ရှမ်းရှေ့

အာဏာသိမ်းစစ်ကောင်စီအဖွဲ့၏ ညွှန်ကြားချက်ဖြင့် မူလတန်း သင်ရိုးသစ် မိတ်ဆက်နှင့်မြို့နယ်အဆင့်အလုပ်ရုံဆွေးနွေးပွဲ ကျင်းပနေသည့် တာချီလိတ်မြို့တွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီ၏ စေခိုင်းမှုတွင် မပါဝင်လို၍ CDM လုပ်ဆောင်ထားသည့် ဆရာ၊ ဆရာများထဲက မူလတန်းအဆင့် ဆရာ၊ ဆရာမ (၃၅၃)ဦးမှာ သင်တန်း တက်ရောက်ခြင်းမရှိဘဲ CDM မလုပ်ဆောင်သည့် ဆရာ၊ ဆရာမ (၁၄၅)ဦး တက်ရောက်ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို တာချီလိတ်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)တွင် ၂၀၂၁ခုနှစ် ဧပြီလ(၅)ရက်နေ့က စတင်ကာ ဧပြီလ(၇)ရက်နေ့အထိ ကျင်းပနေခြင်းဖြစ်ပြီး သင်တန်းသို့ ဒုလယ်ပြ(၁)ဦး၊ မူလတန်းပြ(၃၅)ဦး၊ ဒုမူလတန်းပြ(၁၀၃)ဦးနှင့် ထွေ/လုပ် (၆)ဦး စုစုပေါင်း (၁၄၅)ဦး တက်ရောက်နေခြင်း ဖြစ်ကြောင်း တာချီလိတ်မြို့နယ်ပညာရေးမှူးရုံး၏ တက်ရောက်သူစာရင်းအရ သိရသည်။

CDM လုပ်ဆောင်ထား၍ မတက်ရောက်သည့် ဆရာ၊ ဆရာမ(၃၅၃)ဦး၏ ပျက်ကွက်မှုကို ကျန်းမာရေးမကောင်းခြင်း၊ ခင်ပွန်းနေမကောင်းခြင်း၊ ဆေးခွင့်တင်ပြထားခြင်း၊ နို့စို့ကလေးငယ်ရှိနေခြင်း၊ ဖခင်နေမကောင်းခြင်း၊ လမ်းပန်းဆက်သွဘ်ရေးမကောင်းခြင်း နှင့် အဆက်အသွယ်မရခြင်းများအဖြစ် ပျက်ကွက်လူဦးရေအလိုက် စာရင်းထည့်ထားကြောင်းလည်း သိရသည်။