တာလေတံတား ပြုပြင်နေမှု ဇန်နဝါရီလ(၁၉)ရက်နေ့  နေ့လည်(၁၂)နာရီခွဲအထိ အခြေအနေ၊ ကားနှင့်ဆိုင်ကယ်များ သွားလာလို့ အဆင်မပြေသေး

 တာလေတံတား ပြုပြင်နေမှု ဇန်နဝါရီလ(၁၉)ရက်နေ့  နေ့လည်(၁၂)နာရီခွဲအထိ အခြေအနေ၊ ကားနှင့်ဆိုင်ကယ်များ သွားလာလို့ အဆင်မပြေသေး
ဇန်နဝါရီ 19, 2024 | ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း ခရီးသွားပြည်သူများနှင့် ကုန်သွယ်ရေးအတွက် အဓိက သွားလာအသုံးပြုနေသည့် ကျိုင်းတုံ - တာချီလိတ်သွားလာပေါ်ရှိ တာလေတံတားပေါ်တွင် ကွဲအက်ကြောင်းရာဖြစ်ပေါ်နေခြင်းကြောင့် ယာယီ ဘေလီတံတား ပြုလုပ်နေဆဲဖြစ်ပြီး ချောင်းအတွင်း တံတားအောက်ခြေတွင် ကျောက်ကြီးများချထားခြင်းနှင့် လိုအပ်သည့် ပြုပြင်မှုများကို အမြန်ဆုံးလုပ်ဆောင်နေဆဲဖြစ်၍ ကားနှင့်ဆိုင်ကယ်များ ယနေ့ ဇန်နဝါရီလ(၁၉)ရက်နေ့တွင် ဆက်လက် သွားလာနိုင်ဦးမည်ကြောင်း အသိပေးမေတ္တာရပ်ခံထားရှိသည်။

တံတားပေါ်တွင် ယာယီပြင်ပြုင် ဆောင်ရွက်နေလျှက်ရှိသည့် ဘေလီတံတားကို ယနေ့ ဇန်နဝါရီလ(၁၉)ရက်နေ့ ညပိုင်းသို့မဟုတ် ဇန်နဝါရီလ(၂၀)ရက်နေ့တို့တွင် အပြီးသတ်နိုင်ရေးအတွက် စုပေါင်းလုပ်ဆောင်နေလျှက်ရှိကြောင်း  သိရသည်။

လက်ရှိ တာလေတံတားပြုပြင်နေဆဲကာလအတွင်း ကျိုင်းတုံမှ တာချီလိတ်သို့ ကားဖြင့် လာရောက်လိုသူများ နှင့် တာချီလိတ်မှ ကျိုင်းတုံသို့ အရေးပေါ် သွားရောက်လိုသူများအနေဖြင့် တာလေမြို့ကို မဖြတ်ဘဲ တာချီလိတ် - လွယ်စီတုံ  - မိုင်းဟဲ - မိုင်းဖြတ် လမ်းကနေ တဆင့် သွားလာ၍ ရနိုင်မည်ဖြစ်သည်။

"တာလေတံတားကနေ လတ်တလော မရသေးတော့ ကျိုင်းတုံဘက် သွားမယ်ဆိုရင်တော့ မိုင်းဖြတ်ထိ ရောက်တဲ့  တာချီလိတ် - လွယ်စီတုံ  - မိုင်းဟဲ - မိုင်းဖြတ် သွားလမ်းကနေ သွားလို့ရတယ်။ အဲ့ဖက်က တောကျပြီး လူပြတ်တဲ့ လမ်းလည်းဖြစ်သလို ဝေးသလိုလည်းခံစားရတယ်။ မသိတစ်ယောက်ကတော့ အရေးပေါ်ကိစ္စရှိလို့ အဲ့ဒီလမ်းက မနက်ကပဲသွားလိုက်တယ်။ တာလေတံတားကတော့ (၂၀)ရက်နေ့ မဟုတ်ရင် (၂၁)ရက်နေ့လောက်ဆိုရင် ပုံမှန်အတိုင်း သွားလို့ရနိုင်မယ်လို့တော့ သိရတယ်ဗျ"ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

အရှည်  (၃၂၅)ပေရှိပြီး သက်တမ်းအားဖြင့် နှစ်ပေါင်း (၂၀)ကျော် ကြာမြင့်နေသည့် တာလေတံတားတွင် ကွဲအက်ကြောင်းအရာဖြစ်ပွားနေသည်ကို ၂၀၂၄ခုနှစ် ဇန်နဝါရီလ(၁၈)ရက်နေ့ နံနက်ပိုင်းက စပြီးတာဝန်ရှိသူများက တွေ့ရှိခဲ့ကြခြင်း ဖြစ်ပြီး အက်ကွဲကြောင်းအရာ ဖြစ်ပွားရခြင်းမှာ တံတားအောက်ခြေတွင် ရေတိုက်စားပြီး အောက်ခြေထိ ရေတိုးဝင်ကာ အပေါက်ဖြစ်ပြီး ကလိုင်သဖွယ်ဖြစ်ပေါ်ကာ တံတားတိုင်အစိတ်အပိုင်းတစ်ခုမှာ ကျွံဝင်သွားရာမှ ကွဲအက်ကြောင်းရာဖြစ်ပွားခြင်းဖြစ်သည်ကို တွေ့ရှိရကြောင်း တာဝန်ရှိသူများထံက သိရသည်။



 

လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်းမှာလည်း တံတား၏ ကွဲအက်ကြောင်းမှာ ကြီးလာသလို နောက်ထပ် ရေပေါက်(ကလိုင်ပေါက်)တစ်ခုလည်း ထပ်ပေါ်လာနေ၍ စက်ယန္တယားများဖြင့် စုပေါင်းလုပ်ဆောင်နေလျှက်ရှိကြောင်း သိရသည်။

တံတားပြုပြင်နေသည့်ကာလအတွင်း အိမ်စီးကားနှင့်ဆိုင်ကယ်များ သွားလာ၍ အဆင်မပြေနိုင်သေးကြောင်း သိရသည်။

 

Photo: U Nyein Thung, Sai Thant Zin Latt