“ဝ”ဒေသတောင်ပိုင်းတွင် မူးယစ်ဆေးဝါးသယ်ဆောင်လာသူ နှစ်ဦးအနက် တစ်ဦးကို “ဝ”ယစ်​ဆေးဝါးအထူးနှိမ်နင်း​ရေးတပ်ဖွဲ့ က စိတ်ကြွရူးသွပ်ဆေးနှင့်အတူ အသေဖမ်းမိ

“ဝ”ဒေသတောင်ပိုင်းတွင် မူးယစ်ဆေးဝါးသယ်ဆောင်လာသူ နှစ်ဦးအနက် တစ်ဦးကို “ဝ”ယစ်​ဆေးဝါးအထူးနှိမ်နင်း​ရေးတပ်ဖွဲ့ က စိတ်ကြွရူးသွပ်ဆေးနှင့်အတူ အသေဖမ်းမိ
ဇူလိုင် 2, 2020
By Tachileik News Agency
“ဝ”ဒေသတောင်ပိုင်းတွင်  မူးယစ်ဆေးဝါးသယ်ဆောင်လာသူ နှစ်ဦးအနက် တစ်ဦးကို “ဝ”ယစ်​ဆေးဝါးအထူးနှိမ်နင်း​ရေးတပ်ဖွဲ့ က စိတ်ကြွရူးသွပ်ဆေးနှင့်အတူ အသေဖမ်းမိ

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း “ဝ”ဒေသတောင်ပိုင်း (၁၇၁) စစ်ဒေသတွင်  ၂၀၂၀ ခုနှစ်၊ ဇွန်လ (၃၀) ရက်နေ့က စိတ်ကြွရူးသွပ်ဆေးပြား (၁) သိန်းကို ဆိုင်ကယ်ဖြင့် သယ်ဆောင်လာသူ (၂)ဦးအနက် တစ်ဦးကို (၅၁၈)တပ်မဟာ မူးယစ်​ဆေးဝါးအထူးနှိမ်နင်း​ရေးတပ်ဖွဲ့ က အသေဖမ်းမိပြီး တစ်ဦးလွတ်မြောက်သွားကြောင်း သိရသည်။

“ဒီနောက်ပိုင်း “ဝ” တောင်ပိုင်းမှာ ဆက်တိုက်ဆိုသလိုပဲ ဖမ်းဆီးရမိပါတယ်။ ကျွန်တော်တို့လည်း ဒီမူးယစ်ဆေး မပပျောက်သေးသ၍တော့ ကျွန်တော်တို့ရဲ့ နှိမ်နှင်းမှု အရှိန်အဟုန်ကိုလည်း ရပ်တန့်မှာ မဟုတ်ဘူးပေါ့နော်။ ဒီထက်ပိုပြီး တိုက်ဖျက်ဖို့ မူဝါဒလည်း ရှိပြီးဖြစ်ပါတယ်”ဟု UWSA ၏ လားရှိုးမြို့ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ဇူလိုင်လ (၂)ရက်နေ့တွင် ပြောသည်။

“ဝ” ဒေသတောင်ပိုင်းတပ်ရင်း လှုပ်ရှားကင်းလှည့်နေရာ အနီး၌ ဆိုင်ကယ်စီးလာသူ (၂)ဦးကို ဇွန်လ (၃၀) ရက်နေ့က မသင်္ကာ၍ စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် လက်နက်ဖြင့် ပစ်ခတ်လာသဖြင့် တပ်ဖွဲ့က ပြန်လည်ပစ်ခတ်ဖမ်းဆီးခဲ့ရာ တစ်ဦးသေ၊ တစ်ဦးလွတ်မြောက်သွားကာ  ဆိုင်ကယ်တစ်စီး ၊ စိတ်ကြွရူးသွပ်ဆေးပြား (၁)သိန်းပြား၊ တူမီးသေနတ်တစ်လက်နှင့် ဓားရှည်တစ်လက်တို့ကို သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း သိရသည်။

“ဝ”ဒေသအတွင်း ထိုင်းနယ်စပ်တလျှောက်မှတစ်ဆင့် ထိုင်းဘက်သို့ မူးယစ်ဆေးသယ်ဆောင်မှုများကို “ဝ”တပ်ဖွဲ့အနေဖြင့် အင်အားဖြည့် ဖမ်းဆီးနေကြောင်း သိရသည်။

“ကျွန်တော်တို့ကတော့ တောက်လျှောက်တော့ တိုက်ဖျက်နေတာပဲ။ ဘာကြောင့်လဲဆိုတော့ ဒီ ဝ ပြည်တောင်ပိုင်းက ယိုးဒယားနဲ့ထိစပ်နေတဲ့ border (နယ်စပ်)လိုင်းမှာ ကီလိုမီတာ (၃၀၀) ၊ (၄၀၀)လောက်ရှိတယ်။ တောတောင်တွေဖြစ်တော့ ရာနှုန်းပြည့် ကာကွယ်တားဆီးနိုင်တာတော့ မရှိဘူးပေါ့။ မူးယစ်ဆေးဝါးဖမ်းမိတာတွေမှာ 999 တံဆိပ်တွေလည်း မိတယ်။ အကယ်လို့ ယိုးဒယားရောက်သွားရင်တော့ ထုံးစံအတိုင်းပဲ မီဒီယာတွေဆီကို ပုံကြီးချဲ့ပြီးတော့ ဒါက ဝ အဖွဲ့ကဟာလို့ ဝ အဖွဲ့က ထုတ်တာတို့ စွပ်စွဲနေကြအတိုင်း စွပ်စွဲမှာပဲ။ ဒါကလည်း ကျွန်တော်တို့အတွက် ပုံရိပ်ကျဆင်းစေတယ်ပေါ့နော်။ ဒါကတည်း မတွေးဝံ့စရာပေါ့နော်။ မူးယစ်ဆေးဆိုတာ ကမ္ဘာ့ ရန်သူပဲလေ။ ဘယ်လိုပဲဖြစ်ဖြစ် လူတွေရဲ့အသိမှာ အရင်တုန်းက ကျွန်တော်တို့ စိုက်ပျိုးမှုတွေ ရှိခဲ့ပါတယ်။ မှန်ပါတယ်။ ဒါပေမဲ့ ဒါတွေကတော့ နေရာဒေသ အတော်များများမှာ ကင်းလွတ်တဲ့ အဖွဲ့အစည်းဆိုတာ တိုင်းရင်းနယ်မြေတော်တော်များများမှာ စိုက်ခဲ့တယ်ဆိုတာလည်း အားလုံးအသိပါ။ ကျွန်တော်တို့အဖွဲ့တင် မဟုတ်ဘူးလေ။ ကျွန်တော်တို့ကလည်း နောက်ပိုင်းတွေမှာ အင်တိုက်အားတိုက်နဲ့ အထူးနှိမ်နှင်းနေတယ်ဆိုတာ အားလုံးက သိနေပြီးသားပဲလေ။ ဒီထက်ပိုပြီး ထိထိရောက်ရောက်လုပ်နိုင်ဖို့ တားဆီးနိုင်ဖို့ဆိုတာ အဘက်ဘက်က ပူးပေါင်းပါဝင် လုပ်ဆောင်ကြမှ အောင်မြင်မှာပါ”ဟု UWSA ၏ လားရှိုးမြို့ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းက ပြောသည်။

“ဝ” ဒေသတောင်ပိုင်း ၂၄၈ တပ်မဟာ လက်အောက်ခံတပ်ရင်း၏ နယ်မြေရှိ ဂိတ်တစ်ခုအားဖြတ်ကျော်ပြီး ထိုင်းနိုင်ငံသို့ သွားရန်ကြိုးစားကြသည့် မူးယစ်ဆေးသယ်ဆောင်သည့်အဖွဲ့ကို  ဇွန်လ (၂၆)ရက်နေ့ကလည်း “ဝ”တပ်ဖွဲ့က ဖမ်းဆီးမှုအတွင်း မူးယစ်ဆေးပြားပေါင်း (၁၀)သိန်းကျော်နှင့် မက်သာအက်ဖီတမင်းများကို ဖမ်းဆီးရမိပြီး ဖမ်းဆီးရေးအတွင်း “ဝ”တပ်ဖွဲ့ဝင်တစ်ဦးကျဆုံးသွားကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - UWSA


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~