ထိုင်းနိုင်ငံနှင့် နယ်စပ် မိုင်းဆတ်ခရိုင် မိုင်းတုံတွင် ဝူဟန်ကာကွယ်ရေး စောင့်ကြည့်စစ်ဆေးမှုများ စတင်

ထိုင်းနိုင်ငံနှင့် နယ်စပ် မိုင်းဆတ်ခရိုင် မိုင်းတုံတွင် ဝူဟန်ကာကွယ်ရေး စောင့်ကြည့်စစ်ဆေးမှုများ စတင်
ဇန်နဝါရီ 28, 2020
By Tachileik News Agency

   ထိုင်းနိုင်ငံနှင့် နယ်စပ် မိုင်းဆတ်ခရိုင် မိုင်းတုံတွင် ဝူဟန်ကာကွယ်ရေး စောင့်ကြည့်စစ်ဆေးမှုများ စတင်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်အတွင်း ထိုင်းနိုင်ငံနှင့် တရားမဝင် နယ်စပ် ဝင်ထွက်ပေါက်များမှ ဝင်ထွက်သွားလာသူများအား ဝူဟန်အဆုတ်ရောင်ရောဂါသံသယဖြစ်ဖွယ်ရှိ မရှိကို ကျန်းမာရေးဦးစီးဌာနက ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၈)ရက်နေ့မှစ၍ စောင့်ကြည့် စစ်ဆေးနေပြီဖြစ်သည်။

“ဒီမှာက (တရားမဝင်) နယ်စပ်ဝင်ပေါက် (၃)ပေါက် ရှိတယ်။ “ဝ”ဘက်က (၁) ပေါက်၊ ပုံပါကျင်ဘက်က (၂) ပေါက်။ “ဝ”ဘက်ကတော့ သူတို့ စောင့်ကြည့်မှရတာဆိုတော့ “ဝ” ကျန်းမာရေးကို အကြောင်းကြားထားတယ်။ ပုံပါကျင်မှာတော့ ကျွန်တော်တို့ ဒီနေ့ စစစ်တယ်။ တရားမဝင်အပေါက်ဖြစ်နေတဲ့အခါကျတော့ လုပ်ရကိုင်ရ ခက်တာလေးတွေလည်း ရှိတယ်။ နေ့စဉ်ရက်ဆက်တော့ စစ်မှာပေါ့။ ဒီဘက်မှာ ကျွန်တော်တို့ချည်းပဲ လုပ်လို့မရဘူးခင်ဗျ။ ကျန်းမာရေးရယ်၊ ဌာနဆိုင်ရာရယ်၊ ဝ အဖွဲ့ရယ်၊ ပါချီးဘက်မှာကျတော့ တပ်မတော်ဘက်ကရယ် ပေါင်းမှရမယ်”

ဟု မိုင်းတုံပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာ သက်ခိုင်မင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ထိုင်းနိုင်ငံတွင် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၈)ရက်နေ့အထိ ဝူဟန်အဆုတ်ရောင်ရောဂါ အတည်ပြုလူနာ (၁၄)ဦးအထိ တိုးလာပြီး ရောဂါကူးစက်ခံရသူများကို သီးသန့်အထူးကြပ်မတ်ကုသမှုလုပ်ပေးနေရာ ထိုင်းနိုင်ငံနှင့် နယ်စပ်ဖြစ်သည့် မိုင်းဆတ်ခရိုင်အတွင်း တရားမဝင်နယ်စပ်ဝင်ပေါက်များမှ ဝင်ရောက်သူများကို စစ်ဆေးခြင်းအား စတင်ဆောင်ရွက်လာခြင်းဖြစ်သည်။

“အဓိက ကတော့ အဖျားတွေ့တိုင်းတော့ စိတ်ပူစရာမလိုဘူးပေါ့။ ဖျားတဲ့သူက ရောဂါဖြစ်နေတဲ့ နေရာကို ရောက်ခဲ့သလားပေါ့။ အဲဒီလိုသွားခဲ့တာရှိတယ် ဆိုရင် သူ့ကိုစောင့်ကြည့်တာ၊ သွေးနမူနာတို့ ဘာတို့ Sample ယူပြီး ဓါတ်ခွဲခန်းပို့စစ်လို့ တွေ့ပါတယ်ဆိုမှ ကော်ရိုနာဗိုင်းရပ်စ်ပါဆိုတာ အတည်ပြုရမှာ။ အခု ကျွန်တော်တို့ လုပ်နေနိုင်တာက ကိုယ်အပူချိန်တိုင်းမယ်။ သူက ဖျားနာနေတယ်ဆိုရင် ရောဂါဖြစ်တဲ့နေရာတွင် ရောက်ခဲ့သလားမေးမယ်။ သွားဖူးတယ်ဆိုရင် သံသယဖြစ်ဖွယ်ရှိတယ်ဆိုရင် သူ့ဆီက Sample ယူပြီး စစ်ဆေးတာတွေ လုပ်ရမှာပေါ့”

ဟု မိုင်းတုံပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာ သက်ခိုင်မင်းက ပြောသည်။

မိုင်းတုံမြို့နယ်အတွင်း ဝူဟန်အဆုတ်ရောင် ရောဂါကာကွယ်ရေးနှင့် ပတ်သက်၍ ထပ်တိုးဆောင်ရွက်နိုင်ရန် ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် သက်ဆိုင်ရာတာဝန်ရှိသူများက ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - အင်မိုင်ခ
 ဓါတ်ပုံ - မိုင်းတုံ ကျန်းမာရေး

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~