ထိုင်းနိုင်ငံက လွှဲပေးလာသည့် ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသား (၁၀၁)ဦးကို Covid-19 စစ်ဆေးရန်အတွက် မိုးကုတ်ရိပ်တာမှာ Quarantine ထား

 ထိုင်းနိုင်ငံက လွှဲပေးလာသည့် ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသား (၁၀၁)ဦးကို Covid-19 စစ်ဆေးရန်အတွက် မိုးကုတ်ရိပ်တာမှာ Quarantine ထား
ဇန်နဝါရီ 27, 2021 | ရှမ်းရှေ့

ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရပြီး သတ်မှတ်ပြစ်ဒဏ်စေ့၍ နေရပ်ပြန်ပို့လာသည့် မြန်မာနိုင်ငံသားများကို တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၁)တံတားတွင် မြန်မာဘက်က လက်ခံပေးခဲ့ပြီး Covid-19 စစ်ဆေးနိုင်ရန်အတွက် တာချီလိတ်မြို့ရှိ မိုးကုတ်တရားရိပ်သာတွင် Quarantine ထားလိုက်သည်။

ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသား စုစုပေါင်း (၁၀၁)ဦးကို ၂၀၂၁ခုနှစ် ဇန်နဝါရီလ(၂၇)ရက်နေ့ နံနက်ပိုင်းက လွှဲပြောင်းပေးလာခြင်း ဖြစ်သည်။

“သူတို့ကို (၃) ရက်နေရင် Test Kit နဲ့ COVID-19 စစ်မယ်။ (၁၄) ရက်နေရင် PCR နဲ့စစ်မယ်။ ကုန်ကျစရိတ်တွေကိုတော့ မြို့နယ်ကိုဗစ်ကော်မတီက ကျခံရမှာ”ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ထိုင်းနိုင်ငံမှ ပြန်လည်လွှဲပြောင်းပေးလာသူများထဲတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ အမျိုးသား (၄၂) ဦး၊ အမျိုးသမီး (၁၂) ဦး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)မှ အမျိုးသား (၁၂) ဦး၊ အမျိုးသမီး (၈) ဦး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)မှ အမျိုးသား (၁) ဦး၊ အမျိုးသမီး (၁) ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ အမျိုးသား (၂) ဦး၊ ပဲခူးတိုင်းဒေသကြီးမှ အမျိုးသား (၁) ဦး၊ တနင်္သာရီတိုင်းဒေသကြီးမှ အမျိုးသား (၆) ဦး၊ မွန်ပြည်နယ်မှ အမျိုးသား (၆) ဦး၊ ကရင်ပြည်နယ်မှ အမျိုးသား (၈) ဦးနှင့် ကယားပြည်နယ်မှ အမျိုးသား (၂) ဦးတို့ ပါဝင်ကြောင်း သိရသည်။

Tachileik News Agency

သတင်း - ဟန်စိုးထိုက်

ဓါတ်ပုံ - ကျော်ဇင်ဟိန်း

 

ဟန်စိုးထိုက်သည် Tachileik News Agency ၏ အယ်ဒီတာဖြစ်သည်။