တာချီလိတ်ခရိုင်အတွင်း NLD ၏ ခရိုင်/မြို့နယ်/ရပ်ကွက်/ကျေးရွာ အလုပ်အမှုဆောင်များနှင့် စည်းရုံးရေးမှူးများ၏ စာရင်းကို ထွေအုပ်က ထပ်မံကောက်ခံပြုစုနေ

တာချီလိတ်ခရိုင်အတွင်း NLD ၏ ခရိုင်/မြို့နယ်/ရပ်ကွက်/ကျေးရွာ အလုပ်အမှုဆောင်များနှင့် စည်းရုံးရေးမှူးများ၏ စာရင်းကို ထွေအုပ်က ထပ်မံကောက်ခံပြုစုနေ

တာချီလိတ်ခရိုင်အတွင်း မြို့နယ်နှင့် ရပ်ကွက်/ကျေးရွာများမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အလုပ်အမှုဆောင် နှင့် စည်းရုံးရေးမှူး အဖွဲ့ဝင်များ၏ အမည်စာရင်းအချက်အလက်များ အပြောင်းအလဲရှိမရှိ တာချီလိတ်ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့(ထွေအုပ်)က စာရင်းထပ်မံပြုစုနေကြောင်း သိရသည်။

"ဒီနေ့ ကျွန်တော့်ကျေးရွာမှာ ပါတီရဲ့ စည်းရုံးရေးမှူး အသစ်ပြောင်းသေးလားဆိုပြီးမေးလာတယ်။ မြို့နယ်က တောင်းလို့ဆိုပြီး လှမ်းမေးလာတာ၊ ကျွန်တော့် အပိုင်နယ်မြေထဲတော့ အရင်စာရင်းအတိုင်း အပြောင်းအလဲမရှိဘူးလို့ပဲ ပြောလိုက်ပါတယ်"ဟု NLD ပါတီဝင်တစ်ဦးက ၂၀၂၁ခုနှစ် မတ်လ(၃၀)ရက်နေ့တွင် ပြောသည်။

တာချီလိတ်ခရိုင်အတွင်း နိုင်ငံရေးပါတီ၏ ခရိုင်/မြို့နယ်/ရပ်ကွက်/ကျေးရွာတို့၏ အလုပ်အမှုဆောင် နှင့် စည်းရုံးရေးမှူး၊ အဖွဲ့ဝင်များ၏ အမည်များကို ပြန်လည် စာရင်းပြုစုရာတွင် အခြားပါတီများ မပါဝင်ဘဲ NLD ပါတီတစ်ခုတည်း၏ စာရင်းကိုသာ ပြန်လည်ကောက်ခံ ပြုစုနေခြင်း ဖြစ်ကြောင်း သိရသည်။

အမည်စာရင်းများ ကောက်ခံရယူရာတွင်လည်း အမည်၊ ရာထူး၊ လူမျိုး၊ အလုပ်အကိုင်၊ နေရပ်လိပ်စာ နှင့် မှတ်ပုံတင်နံပါတ်များပါ အသေးစိတ်ကောက်ခံကြောင်း သိရသည်။

နိုင်ငံအတွင်း မြို့နယ်အသီးသီးရှိ ရပ်ကွက်/ကျေးရွာများတွင် နိုင်ငံရေးပါတီများက ပါတီရပ်/ကျေးရုံးများ ဖွင့်လှစ်မှုများရှိရာ ပါတီရုံးစတင်ဖွင့်လှစ်ကတည်းက ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးက ပါတီ၏ တာဝန်ရှိသူ အမည်စာရင်းများကို ကောက်ခံထားပြီးဖြစ်သော်လည်း ယခုအခါမှာ တာချီလိတ်ခရိုင်အတွင်း၌ NLD ပါတီတစ်ခုတည်း၏ စာရင်းကိုသာ ရယူနေခြင်း ဖြစ်သည်။