တာချီလိတ်မြို့တွင် Covid-19 ကူးစက်သူ (၃)ဦးနှင့် ပတ်သက်၍ နေရာပေါင်း (၄)နေရာကို Lockdown သတ်မှတ်ထားပြီး ထိတွေ့သူများကို (၃)ကြိမ် စစ်ဆေးသွားမည်

တာချီလိတ်မြို့တွင် Covid-19 ကူးစက်သူ (၃)ဦးနှင့် ပတ်သက်၍ နေရာပေါင်း (၄)နေရာကို Lockdown သတ်မှတ်ထားပြီး ထိတွေ့သူများကို (၃)ကြိမ် စစ်ဆေးသွားမည်
ဇွန် 28, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့တွင် ယနေ့ ဇွန်လ(၂၈)ရက်နေ့၌ Covid-19 ပိုးတွေ့ရသည့် ထိုင်းအမျိုးသမီးနှင့် ပတ်သက်၍ နောက်ထပ် အမျိုးသမီး (၂)ဦးတွင် Covid-19 ပိုးတွေ့ထားပြီး နေရာပေါင်း (၄)နေရာကို Lockdown သတ်မှတ်ထားကာ ထိတွေ့မှုရှိသူများကို Quarantine ထားပြီး Covid-19 (၃)ကြိမ် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဒီနေ့ ပိုးတွေ့သူနဲ့ပတ်သက်ပြီး ထိတွေ့သူတွေလို့ သတ်မှတ်လို့ရမဲ့ ဟိုတယ်(၂)ခုက ထိတွေ့သူတွေရယ်။ စားသောက်ဆိုင်နဲ့ သမားတော်ဆေးခန်းက စာရင်းတွေကို ယူပြီး အသွားအလာ ကန့်သတ်ထားဖို့တွေ၊ ထားတာတွေ လုပ်နေပါတယ်။ သူတို့ကို Covid-19 (၃)ကြိမ် စစ်ပေးသွားမှာပါ

ဟု တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

Covid-19 ပိုးတွေ့ရှိရသူသည် တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်အတွင်းရှိ လိုမာ ဟိုတယ်တွင် နေထိုင်သူဖြစ်ပြီး ပုန်းထွန်ရပ်ကွက် (၁)လမ်းအတွင်းရှိ ရွှေရည်မြင့်မိုရ် မိုတယ်၏ Online Game လောင်းကစားအလုပ်တွင် လုပ်ကိုင်သူ အသက်(၁၉)နှစ်အရွယ် ထိုင်းနိုင်ငံသူ ဖြစ်ကြောင်း သိရသည်။

သက်ဆိုင်ရာ၏ လတ်တလော စစ်ဆေးချက်အရ ပိုးတွေ့လူနာသည် ၂၀၂၁ခုနှစ် ဇွန်လ(၂၁)ရက်နေ့ကတည်းက နေမကောင်းသူဖြစ်ပြီး ဇွန်လ(၂၂)ရက်နေ့က တာချီလိတ်မြို့ မီးသတ်ရုံးအနောက်ဘက်ရှိ "ဟော့ပေါ့ တာချီလိတ်ဆိုင်"တွင် သွားရောက်စားသောက်ခဲ့ပြီး ဇွန်လ(၂၃)ရက်နေ့ နှင့် ဇွန်လ(၂၆)ရက်နေ့တို့တွင် တာချီလိတ်မြို့ ရှမ်းရိုးမကွင်းရှေ့ရှိ "နေလ အထူးကုသမားတော်ဆေးခန်း"တွင် သွားရောက်ပြသခဲ့ပြီးနောက် အနံ့ပျောက်နေ၍ ယနေ့ ဇွန်လ(၂၈)ရက်နေ့ နံနက်ပိုင်းက ဆေးရုံဟောင်းသို့ သွားရောက်စစ်ဆေးရာမှ Covid-19 တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

ပိုးတွေ့အမျိုးသမီး၏ ခင်ပွန်းဖြစ်သူကိုလည်း စစ်ဆေးရာ Covid-19 မတွေ့ရှိသော်လည်း ၎င်းတို့ နေထိုင်သည့် လိုမာ ဟိုတယ်ကို Lockdown သတ်မှတ်ထားပြီး ခင်ပွန်းဖြစ်သူကိုလည်း Hotel Quarantine ထားရှိကြောင်းသိရသည်။

ပိုးတွေ့ရှိသူ နေထိုင် သွားလာခဲ့သည့် လိုမာ ဟိုတယ်၊ ရွှေရည်မြင့်မိုရ် မိုတယ်၊ ဟော့ပေါ့ တာချီလိတ်  နှင့် နေလ အထူးကုသမားတော်ဆေးခန်း တို့အား ယနေ့ ဇွန်လ(၂၈)ရက်နေ့က စ၍ Lockdown သတ်မှတ်ထားရှိပြီး ထိတွေ့သူများကိုလည်း Quarantine ထားရှိကြောင်း သိရသည်။

ဆက်လက်၍ အဆိုပါ အမျိုးသမီးနှင့် ထိတွေ့မှုရှိသည့် ရွှေရည်မြင့်မိုရ် မိုတယ် နှင့် လိုမာ ဟိုတယ်တို့မှ အမျိုးသမီး (၂)ဦးအား Test Kit ဖြင့် စစ်ဆေးရာ Covid-19 ပိုးထပ်မံတွေ့ရှိရ၍ ယနေ့ ဇွန်လ(၂၈)ရက်နေ့ တစ်နေ့တည်းတွင် ဒေသတွင်း ကူးစက်သည့် Covid-19 အတည်ပြုလူနာ (၃)ဦးအထိ တွေ့ရှိထားကြောင်း သိရသည်။

တာချီလိတ်မြို့တွင် Covid-19 နှင့် ပတ်သက်၍ အနံ့အရသာခံစားမရခြင်း နှင့် အနံ့ပျောက်ခြင်းများအပြင် Covid-19 သံသယရှိပါက တာချီလိတ်ဆေးရုံဟောင်းတွင် လာရောက်စစ်ဆေးနိုင်ကြောင်းလည်း အသိပေးထားရှိသည်။