တာချီလိတ်၊ ကျိုင်းတုံ နှင့် လွိုင်လင်မြို့တို့မှ CDM မလုပ်ဆောင်ထားသည့် ဆရာ ဆရာများက အာဏာသိမ်းစစ်ကောင်စီအဖွဲ့မှ ဖွင့်လှစ်သည့် မွမ်းမံသင်တန်းကို တက်ရောက်နေ

တာချီလိတ်၊ ကျိုင်းတုံ နှင့် လွိုင်လင်မြို့တို့မှ CDM မလုပ်ဆောင်ထားသည့် ဆရာ ဆရာများက အာဏာသိမ်းစစ်ကောင်စီအဖွဲ့မှ ဖွင့်လှစ်သည့် မွမ်းမံသင်တန်းကို တက်ရောက်နေ
မတ် 30, 2021 | ရှမ်းရှေ့

အာဏာသိမ်းစစ်ကောင်စီအဖွဲ့က ဖွင့်လှစ်သည့် အထက်တန်းနှင့်အလယ်တန်းပြ မွမ်းမံသင်တန်း(စွမ်းရည်မြင့်သင်တန်း)ကို တာချီလိတ်၊ ကျိုင်းတုံ နှင့် လွိုင်လင်မြို့တို့တွင် CDM မလုပ်ဆောင်ထားသည့် ဆရာ ဆရာမများက ယနေ့ မတ်လ(၃၀)ရက်နေ့၌ တက်ရောက်နေကြကြောင်း သိရသည်။

ပုံမှန်အားဖြင့်  မွမ်းမံသင်တန်း(စွမ်းရည်မြင့်သင်တန်း)ကို ယူနီဖောင်းများဝတ်၍ တက်ရမည်ဖြစ်သော်လည်း ယခုအခါမှာ ယူနီဖောင်းများမဝတ်ဘဲ ကျောင်းအနောက်ပေါက်များက ဝင်ရောက်ကာ သင်တန်းတက်နေကြခြင်းဖြစ်ကြောင်း သိရသည်။

"တာချီလိတ်မှာတော့ ကျောင်းအရှေ့ပေါက်က မဝင်ခိုင်းဘူး။ ကျောင်းအနောက်ပေါက်ကနေပဲ ဝင်ခိုင်းတာ။ ယူနီဖောင်းလည်း မဝတ်လာရ အရပ်ဝတ်ပဲ ဝတ်လာပြီး တက်ခိုင်းတာ။"ဟု ဆရာမတစ်ဦးက ပြောသည်။

တာချီလိတ်မြို့တွင် မြို့နယ်ပညာရေးမှူးကိုယ်တိုင် ပြည်သူ့ဘက်က ရပ်တည်ကာ CDM လုပ်ဆောင်ထားသော်လည်း ပညာရေးမှူးရုံးရှိ ရုံးဝန်ထမ်းအားလုံးမှာ ရုံးတက်နေကြကြောင်း နှင့် တာချီလိတ်မြို့နယ်အတွင်း၌ CDM လုပ်ဆောင်နေသည့် ပညာရေးဝန်ထမ်း (၄၀၀)နီးပါးရှိကြောင်း သိရသည်။

အထက်တန်းနှင့်အလယ်တန်းပြ မွမ်းမံသင်တန်း(စွမ်းရည်မြင့်သင်တန်း)ကို မတ်လ(၃၀)ရက်နေ့မှ ဧပြီလ(၁)ရက်နေ့အထိ ပို့ချမည်ဖြစ်ပြီး မူလတန်းပြအဆင့် မွမ်းမံသင်တန်း(စွမ်းရည်မြင့်သင်တန်း)ကို ဧပြီလ(၅)ရက်နေ့မှ ဧပြီလ(၇)ရက်နေ့အထိ တက်ရောက်ရမည်ဖြစ်ကြောင်းလည်း သိရသည်။

ကျိုင်းတုံမြို့တွင် မွမ်းမံသင်တန်း(စွမ်းရည်မြင့်သင်တန်း)အား အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းတွင် အထက်တန်းနှင့်အလယ်တန်းပြ မွမ်းမံသင်တန်း(စွမ်းရည်မြင့်သင်တန်း)ဖွင့်လှစ်နေပြီး သင်တန်းမတက်ရောက်နိုင်ခြင်းကြောင့် ရင်ဆိုင်ရမည့် အကျိုးဆက်များရှိပါက မိမိတာဝန်သာဖြစ်ကြောင်း ကျောင်းအုပ်ကြီးက အသိပေးထားကြောင်းလည်း သိရသည်။

"စစ်ကောင်စီက ဟန်ပြဆောင်ရွက်တဲ့ စွမ်းရည်မြင့်သင်တန်း ဟန်ပြမွမ်းမံသင်တန်းကို တက်ဖို့ ပညာရေးက ကျောင်းအုပ်တွေ ဆရာ ဆရာမတွေစွမ်းရည် မနိမ့်ပါဘူး။ ပြီးတော့ ကျောင်းဆရာ ဆရာမတစ်ယောက်အနေနဲ့ ကိုယ့်တပည့်အရွယ် လူငယ်လေးတွေ လူမမယ်ကလေးငယ်တွေ စစ်ကောင်စီရဲ့ အမိန့်အောက်မှာ ရက်စက်စွာ ပစ်သတ်ခံနေရတာကို သိသိလျက်နဲ့ သင်တန်းတက်နိုင်ဖို့ စိတ်မသန့်ပါဘူး။ လူသတ်ကောင်စီအလိုကျ​ ဆောင်ရွက်တဲ့ သင်တန်းကို တက်ကြသူတွေဟာလည်း လူသတ်ကြံရာပါပဲ။ ဆရာ ဆရာမတွေ ကလေးတွေကို လေ့ကျင့်ပျိုးထောင် စာသင်ပေးတဲ့အလုပ်ပဲလုပ်နိုင်တယ် လူသတ်အုပ်စုနဲ့မပူးပေါင်းနိုင်ပါဘူး။"ဟု ကျိုင်းတုံမြို့နယ်အတွင်းမှ CDM လုပ်ဆောင်နေသည့် ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့တွင်လည်း  အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်းတွင်  မွမ်းမံသင်တန်း(စွမ်းရည်မြင့်သင်တန်း)ကို CDM မလုပ်ဆောင်ထားသည့် ဆရာ ဆရာမများက တက်ရောက်နေပြီး ယူနီဖောင်း မဝတ်ဆင်ဘဲ အရပ်ဝတ်ဖြင့်သာ တက်ရောက်နေကြောင်း နှင့် ကျောင်းရှေ့တွင် ရဲ(၅)ဦးဝန်းကျင်က လုံခြုံရေး ယူပေးထားကြောင်းလည်း သိရသည်။ 

အာဏာသိမ်းစစ်ကောင်စီအဖွဲ့က ဖွင့်လှစ်သည့်  ပညာရေး မွမ်းမံသင်တန်း(စွမ်းရည်မြင့်သင်တန်း)ကို မြို့နယ် တော်တော်များများတွင် CDM မလုပ်ဆောင်ထားသည့် ကျောင်းအုပ်များအပါအဝင် ဆရာ၊ ဆရာမများ က တက်ရောက်နေကြကြောင်း သိရသည်။