မိုင်းဖြတ်မြို့တွင် စရဖ က ဟု ပြောပြီး ဖမ်းဆီးခေါ်ဆောင်သွားသည့် အသက်မပြည့်သေးသော   လူငယ်တစ်ဦးအား ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်

မိုင်းဖြတ်မြို့တွင် စရဖ က ဟု ပြောပြီး ဖမ်းဆီးခေါ်ဆောင်သွားသည့် အသက်မပြည့်သေးသော   လူငယ်တစ်ဦးအား ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်
မေ 12, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့  ဟိုနားရှမ်းရွာတွင် အရပ်ဝတ် ဝတ်ထားပြီး နေပြည်တော် စရဖ က ဟုပြောကာ ခေါ်သွားသည့်   လူငယ်တစ်ဦးကို ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်လိုက်ကြောင်း သိရသည်။

၂၀၂၁ခုနှစ် မေလ(၁၀)ရက်နေ့ ည(၁၁)နာရီမထိုးမီအချိန်က အသက်(၁၇)နှစ်အရွယ်ရှိ  မောင်အောင်ကိုကိုအား စရဖက တပ်တွင်းသို့ ဖမ်းဆီးခေါ်ဆောင် စစ်ဆေးပြီး  မိုင်းဖြတ်ရဲစခန်းသို့ ပို့ဆောင်လိုက်ပြီးနောက် ဒုရဲအုပ်ဝင်းထိန် က တရားလိုပြုလုပ်ပြီး မိုင်းဖြတ်မြို့မရဲစခန်းတွင် (ပ)၃၀/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကဖြင့် မေလ(၁၁)ရက်နေ့ ညနေပိုင်းက အမှုဖွင့်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းအား Facebook ပေါ်တွင် Post တင်ခြင်း၊ ပြန်လည်ဝေမျှခြင်းကြောင့် အပြင် CDM များအတွက်ပါ အလှူငွေ လိုက်လံကောက်ခံပေးခြင်းကြောင့်ဟု စွတ်စွဲကာ ဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသည့် မောင်အောင်ကိုကိုသည် ၂၀၀၄ခုနှစ် ဧပြီလ(၁၁)ရက်နေ့တွင် မွေးဖွားသူဖြစ်၍ ယခုအခါမှာ အသက်(၁၇)နှစ်သာရှိသေးပြီး အသက်မပြည့်သေးသော်လည်း ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကဖြင့် အမှုဖွင့်ခံထားရသည်။

မေလ(၁၁) ညနေပိုင်းကလည်း မိုင်းဖြတ်မြို့တွင် NLD ပါတီဝင်ဟောင်းတစ်ဦးဖြစ်သူ ကိုဂီးဒိုကို စစ်တပ်က ဖမ်းဆီးသွားပြီးနောက် စစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟုလည်း သိရသည်။