ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အဖွဲ့ တာချီလိတ်မြို့ နဂါးနှစ်ကောင်ဆရာတော်အား ဘွဲ့တံဆိပ်တော်လာရောက် ဆက်ကပ်ပြီး  ကျိုင်းတုံမြို့တွင် ည ပြန်အိပ်

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အဖွဲ့ တာချီလိတ်မြို့ နဂါးနှစ်ကောင်ဆရာတော်အား ဘွဲ့တံဆိပ်တော်လာရောက် ဆက်ကပ်ပြီး  ကျိုင်းတုံမြို့တွင် ည ပြန်အိပ်
မတ် 28, 2021 | ရှမ်းရှေ့

တာချီလိတ်မြို့သို့ အာဏာသိမ်းစစ်ကောင်စီ၏ ဥက္ကဌ ဖြစ်သူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အဖွဲ့ ယနေ့ မတ်လ(၂၈)ရက်နေ့ နံနက်ပိုင်းက ရောက်ရှိလာပြီး နဂါးနှစ်ကောင်ဆရာတော်အား  ဘွဲ့တံဆိပ်တော် ဆက်ကပ်ပြီး နယ်မြေလုံခြုံရေးအတွက် ဆွေးနွေးမှုများ လုပ်ဆောင်သွားကာ ကျိုင်းတုံမြို့တွင် ညအိပ်ကြောင်းသိရသည်။

 

အာဏာသိမ်းစစ်ကောင်စီ၏ ဥက္ကဌ ဖြစ်သူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် (၃၀)ဦးသည်  ယနေ့ နံနက်ပိုင်းက တာချီလိတ်သို့ ရောက်ရှိပြီး တာချီလိတ်မြို့ နဂါးနှစ်ကောင် ပရိယတ္တိစာသင်တိုက်၏ ပဓာန နာယက ဆရာတော်၊ နိုင်ငံတော် သြဝါဒစရိယ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ရ နဂါးနှစ်ကောင်ဆရာတော် ဘဒ္ဒန္တဓမ္မသီရိအား  အဘိဓဇမဟာရဌဂုရု ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပြီးနောက် စစ်ဗျူဟာအဖွဲ့အခြေချ(တာချီလိတ်)တွင် အခမ်းအနားပြုလုပ်ကြောင်း သိရသည်။

တာချီလိတ်မြို့ နဂါးနှစ်ကောင် ပရိယတ္တိစာသင်တိုက်သို့ လာမည်ဆိုသည့်အတွက် အနီးရှိ မဲခေါင်မြစ်ဟိုတယ်(ကိုးထပ်ဟိုတယ်)၏ အပေါ်ဆုံးထပ်တွင် ယနေ့ နံနက် (၅)နာရီဝန်းကျင်အချိန်က စနက်ပါအဖွဲ့ နှင့် လုံခြုံရေးအဖွဲ့မှ နေရာယူထားပြီး တာချီလိတ်မြို့ အဝင်အထွက်များတွင်လည်း တင်းကြပ်သည့် စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြကြောင်းလည်း သိရသည်။

 

စစ်ဗျူဟာအဖွဲ့အခြေချ(တာချီလိတ်)တွင် တာချီလိတ်မှ စစ်ဘက် နှင့် အုပ်ချုပ်ရေးတို့ဖြင့် မြို့တွင်း နယ်မြေလုံခြုံရေး ကိစ္စရပ်များကို ဆွေးနွေးကြောင်းလည်း သိရသည်။

ယင်းနောက် အာဏာသိမ်းစစ်ကောင်စီ၏ ဥက္ကဌ ဖြစ်သူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် (၃၀)ဦးသည် တာချီလိတ်မှ တဆင့် ကျိုင်းတုံသို့ လေကြောင်းဖြင့် ဆက်လက်ထွက်ခွာရာ ကျိုင်းတုံလေဆိပ်သို့ နေ့လည်(၁း၁၇)နာရီအချိန်တွင် ရောက်ရှိကြောင်း သိရသည်။

 

ကျိုင်းတုံမြို့တွင် ညနေ(၃)နာရီဝန်းကျင်က နောင်တုံကန်ဘေးရှိ စကိတ်ကွင်းတွင် ပန္နရိုက်ခြင်း အခမ်းအနားကိုလည်း လုပ်ဆောင်ခဲ့ပြီး ယနေ့ညတွင်   တြိဂံတိုင်းစစ်ဌာနချုပ်ရှိ ပြည်ငြိမ်းအေးရိပ်သာ၌ ညအိပ်မည်ဖြစ်ကြောင်း နှင့် မတ်လ(၂၉)ရက်နေ့တွင် ဝစီပိတ်ဆရာတော်ထံ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

ယခုလာရောက်သည့် ကိစ္စနှင့် ပတ်သက်၍ ဘွဲ့တံဆိပ်လက်ခံတော်မူရန် ကျန်းမာရေးအခြေအနေကြောင့် အခမ်းအနားမတက်ရောက်နိုင်သည့် နဂါးနှစ်ကောင်ဆရာတော်အား ဘွဲ့တံဆိပ်တော် လာရောက် ဆက်ကပ်ခြင်းဖြစ်ပြီး ကျိုင်းတုံမြို့ ဝစီပိတ်ဆရာတော်လည်း ကျန်းမာရေးမကောင်း၍ လာရောက်ဖူးမြော်ခြင်း ဖြစ်ပြီး နယ်မြေလုံခြုံရေးအတွက် အခြားကိစ္စရပ်များလည်း ပါဝင်ကြောင်း   သိရသည်။