တာချီလိတ်မှ ကျိုင်းတုံမြို့သို့ ဆေးကုသရန် လာရောက်မည့်သူများ အထောက်အထား အပြည့်အစုံ ပြသနိုင်ပါက လာရောက်ခွင့် ပြုမည်

တာချီလိတ်မှ ကျိုင်းတုံမြို့သို့ ဆေးကုသရန် လာရောက်မည့်သူများ အထောက်အထား အပြည့်အစုံ ပြသနိုင်ပါက လာရောက်ခွင့် ပြုမည်
ဒီဇင်ဘာ 3, 2020
By Tachileik News Agency
တာချီလိတ်မှ ကျိုင်းတုံမြို့သို့ ဆေးကုသရန် လာရောက်မည့်သူများ အထောက်အထား အပြည့်အစုံ ပြသနိုင်ပါက   လာရောက်ခွင့် ပြုမည်
တာချီလိတ်မြို့တွင် Covid-19 အတည်ပြုလူနာ (၅၀)ကျော်အထိ တစ်ပတ်အတွင်း တိုးပွားလာသည့်အတွက် တာချီလိတ်ခရိုင်အတွင်းမှ ကျိုင်းတုံမြို့သို့ သွားရောက်ပြီး အလည်အပတ်နှင့် ဈေးဝယ်လာသူများကို တားမြစ်ထားသော်လည်း ကျန်းမာရေးကိစ္စအတွက် လာရောက်သူများအနေဖြင့် အထောက်အထားအစုံအလင် ပြသနိုင်ပါက Quarantine ဝင်စရာမလိုဘဲ ဆေးကုသနိုင်ရန် ဝင်ရောက်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ကျိုင်းတုံမြို့နယ်အုပ်ချုပ်ရေးမှူးက ပြောကြားလိုက်သည်။ 

"သူတို့က ဆေးရုံမှာ အိပ်မှာ၊ လူနာစောင့်ကတော့ အထောက်အထားနဲ့ ပြည့်စုံရင် လွှတ်ပါမယ်။ အပြန်ကျရင် ဂိတ်ကို သတင်းပို့ရင်ရတယ်။ ကျန်းမာရေးကိစ္စနဲ့တော့ Quarantine ဝင်စရာတော့မလိုဘူး။ ဒါပေမဲ့ သူက သတ်မှတ်ထားတဲ့ စည်းနဲ့ကမ်းနဲ့တော့ နေရမှာပေါ့။ ဆေးခန်းလာပြတယ်ဆိုရင် ဆေးခန်းလာပြတဲ့ စာရွက် ဂိတ်ကို ပြရမယ်။ ဂိတ်ကလွှတ်လိုက်မယ်။ နေ့ချင်းပြန် ဆေးခန်းပြတာလည်း တစ်ချို့ရှိတယ်။ ဒီဖက်မှာ ဆေးရုံလာတက်မယ်ဆိုရင် ဆေးရုံပြမယ်။ ပြပြီးရင်တော့ ပြန်တော့မယ်ဆိုတာကိုတော့ ကျွန်တော်တို့ ဂိတ်မှာ သတင်းပို့ရမယ်။ အဲ့ဒါတော့ ကျန်းမာရေးကိစ္စတွေဖြစ်လို့ ဖြေလျှော့ပေးထားပါတယ်"ဟု ကျိုင်းတုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးဆန်းထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ဒီဇင်ဘာလ(၁)ရက်နေ့ နေ့လည်ပိုင်းက ပြောကြားထားခြင်း ဖြစ်သည်။

တာချီလိတ်မှ အချို့မှာ ကျိုင်းတုံမြို့ရှိ အစိုးရဆေးရုံများနှင့် ပုဂ္ဂလိကဆေးရုံ/ဆေးခန်းများသို့ ယခင်ကတည်းက ရက်ချိန်းသဘောဖြင့် သွားရောက် ပြသနေရသည်များရှိသည်။
ကျိုင်းတုံမြို့နယ်အတွင်း Covid-19 ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်  တာချီလိတ်ခရိုင် နှင့် မိုင်းဆတ်ခရိုင်အတွင်းမှ ကျိုင်းတုံမြို့သို့ အလည်အပတ်ဖြစ်စေ ဈေးဝယ်လာသည်ဖြစ်စေ လက်ခံတော့မည် မဟုတ်ဘဲ နေရပ်ပြန်သူနှင့် အလုပ်ကိစ္စဖြင့် လာသူများအနေဖြင့် မည်သည့် အလုပ်အကိုင် လုပ်ကိုင်ကြောင်း ရပ်ကွက်ထောက်ခံစာ လိုအပ်သည့် အပြင် facility Quarantine ဝင်ရမည်ဖြစ်ကြောင်း  ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၂၉)ရက်နေ့က ကျိုင်းတုံမြို့တွင် ကျင်းပသည့် ပြည်နယ်/ခရိုင်/မြို့နယ် အစည်းအဝေးတွင် ဆုံးဖြတ်ထားကြောင်း သိရသည်။

"တာချီလိတ်ကလာတယ်ဆိုရင် ဈေးဝယ်တို့၊ အလည်အပတ်တို့ လက်မခံဘူး။ အလုပ်တို့၊ ကိုယ့်နေရာကိုယ်ပြန်တာတို့ဆိုရင် facility quarantine ဝင်ရမယ်။ ဒါပေမဲ့ အလုပ်အကိုင်နဲ့ပတ်သက်လို့ တိတိကျကျဖေါ်ပြတဲ့ ရပ်ကွက် ထောက်ခံချက်လိုတယ်။ ရပ်ကွက်ရုံးက ထောက်ခံချက်လုပ်ပေးတဲ့အခါမှာ အလုပ်အကိုင် အတိအကျဖေါ်ပြပေးရမယ်။ ဥပမာ သူက ဖျော်ဖြေရေးလုပ်ငန်းမှာပဲလုပ်လုပ်၊  KTV မှာလား ရပ်ကွက်ကတော့ အဲဒါလေးကိုတော့ တိတိကျကျ ဖေါ်ပြပေးရမယ်။ အဲဒီတော့ ရပ်ကွက်ထောက်ခံစာတစ်ခုပဲလိုတယ်။ ကျန်းမာရေးထောက်ခံချက်ကတော့ မလိုဘူး။"ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး ဦးရဲနိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ နိုဝင်ဘာလ(၂၉)ရက်နေ့က ပြောကြားထားသည်။ 

ဌာနဆိုင်ရာဝန်ထမ်းများနှင့် နေရပ်ပြန်ရန် ကျိုင်းတုံမှ ဖြတ်သန်းသွားမည့်သူများအနေဖြင့် ကျိုင်းတုံတွင် စာရင်းရယူထားမည်ဖြစ်ပြီး ကျိုင်းတုံသို့ လာရောက်သူအားလုံး facility quarantine (၁၄) ရက်နေထိုင်ရမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် တာချီလိတ်မြို့၌ Covid-19 အတည်ပြုလူနာ စုစုပေါင်း (၅၅)ဦးရှိနေရာ တစ်ဦးမှ ဆေးရုံက ဆင်းသွားပြီဖြစ်၍ (၅၄)ဦးမှာ ကုသမှု ခံယူနေလျက်ရှိသည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~