ပြည်သူ့အစိုးရက အခွန်အကောက်များ ဆိုင်းငံ့ထားရန် ညွှန်ကြားထားသော်လည်း တာချီလိတ်စည်ပင်က အခွန်အကောက်များ ကောက်ခံနေ

ပြည်သူ့အစိုးရက အခွန်အကောက်များ ဆိုင်းငံ့ထားရန် ညွှန်ကြားထားသော်လည်း တာချီလိတ်စည်ပင်က အခွန်အကောက်များ ကောက်ခံနေ
မတ် 21, 2021 | ရှမ်းရှေ့

အာဏာသိမ်းကာလအတွင်း ပြည်သူများအပေါ် အခွန်အကောက်များ ဆိုင်းငံ့ထားရန်  ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)နှင့် ပြည်ထောင်စုခေတ္တဝန်ကြီးများက မတ်လ(၃)ရက်နေ့က အသိပေးညွှန်ကြားထားသော်လည်း တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနက မြို့မဈေးအတွင်း အခွန်အခများ လိုက်လံ ကောက်ခံနေကြောင်း သိရသည်။



"မနေ့ကစပြီး လာကောက်တာ လာကောက်တဲ့လူတွေက CDM မလုပ်ထားတဲ့ စည်ပင်ဝန်းထမ်းတွေပါ၊  ဆိုင်ခန်းခွန်လာကောက်ကြတာ။ (၆)လစာ ကြိုကောက်မလို့တဲ့ ပုံမှန်က (၃)လစာပဲ ပေးရတာ။ တချို့ဆိုင်တွေကိုဆိုရင် (၉)လစာ ထည့်ခိုင်းတယ်။ လာကောက်တဲ့ စည်ပင်ဝန်ထမ်းက လေသံမာမာနဲ့ပဲ၊ အဲ့မျက်နှာတွေကို မှတ်ထားတယ်။"ဟု တာချီလိတ်မြို့မ(ဝမ်ကောင်း)ဈေးအတွင်းမှ ဈေးဆိုင်ခန်း ပိုင်ရှင်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ မတ်လ(၂၁)ရက်နေ့တွင် ပြောသည်။



တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနတွင် ပြည်သူ့ဘက်က ရပ်တည်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ကာ CDM လုပ်ဆောင်သူမှာ (၂၃)ဦးရှိနေပြီး လက်ရှိမှာ ရုံးတက်နေကြသူများမှာ CDM လုပ်ဆောင်ထားကြသူများ မဟုတ်ကြောင်း သိရသည်။